ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်ရေငုပ်သင်္ဘောတစ်စင်းရောက်ရှိနေခြင်းကြောင့် ပဋိပက္ခများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်ရေငုပ်သင်္ဘောတစ်စင်းရောက်ရှိနေခြင်းကြောင့် ပဋိပက္ခများ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် မကြာသေးမီက တရုတ်ရေငုပ်သင်္ဘောတစ်စင်းရောက်ရှိနေခြင်းက စစ်သင်္ဘောများအတွက် အန္တရာယ်ဖြစ်စေပြီး မလိုလားအပ်သော ပဋိပက္ခများ ဖြစ်စေနိုင်သည်ဟု သုံးသပ်သူများက သတိပေးခဲ့သည်ဟု မီဒီယာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါသင်္ဘောသည် တရုတ် အမျိုးအစား-၉၄ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် အမျိုးအစားဖြစ်ကြောင်း ဥရောပ အာကာသအေဂျင်စီ၏ နိုဝင်ဘာ ၂၉ ရက်က ရိုက်ကူးခဲ့သည့် Sentinel-2 ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံ တစ်ပုံတွင် ဖော်ပြချက်ကို အတည်ပြုကာ ရေငုပ်သင်္ဘောကျွမ်းကျင်သူ အိတ်အိုင်စက်တွန်က Covert Shores ဘလော့ဂ်တွင် နိုဝင်ဘာ ၂၉ရက်က ရေးသားဖော်ပြခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။

ယင်း ရေငုပ်သင်္ဘောသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ပိုင်းခြားထားသည့် ရေမျက်နှာပြင်အထက်တွင် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရှိခဲ့ရပြီး ပဋိပက္ခသည် စီစဉ်ထားသည်ထက် မတော်တဆ တိုက်မိမှုဖြစ်ပွားရာမှ စတင်ဖွယ်ရှိကြောင်း လေ့လာသူအများအပြားက ပြောဆိုကြပြီး ကျဉ်းမြောင်းသော နေရာတစ်ခု စစ်သင်္ဘောများပိုမိုရောက်ရှိခြင်းက မတော်တဆမှု ဖြစ်ပွားရန် အခွင့်အလမ်း ပိုများလေဖြစ် ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရေလက်ကြားတွင် တရုတ်သင်္ဘောရောက်ရှိရခြင်း အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးပေ။ သို့သော် ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော (SSBN) သို့မဟုတ် boomer ဟုလည်းသိကြသည့် တရုတ်ရေငုပ် သင်္ဘောဖြစ်နိုင်ချေရှိသည်ဟု အိတ်အိုင်စက်တွန်က ပြောကြားသည်။

တရုတ်နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ပြုပြင်မွမ်းမံရန်အတွက် ဘိုဟိုင်း သင်္ဘော ကျင်းရှိရာ မြောက်ဘက်သို့ မကြာခဏ ဦးတည်သွားရသဖြင့် သင်္ဘောသည် ပုံမှန်မစ်ရှင်တစ်ခုဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဂြိုဟ်တုဓာတ်ပုံကို ကြည့်ရှုသည့် အခြားကျွမ်းကျင်သူများကမူ ရေမျက်နှာပြင်ပေါ်တွင် ရေငုပ်သင်္ဘောတစ်စင်း ရှိနေခြင်းက ရှုပ်ထွေးမှုဖြစ်စေနိုင်သည်ဟု CNN က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly