ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်များကို PDF တိုက်ခိုက်၊ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ဟုဆို

ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်များကို PDF တိုက်ခိုက်၊ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ဟုဆို

ဒီဇင်ဘာလ ၁၂ရက်

 

ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ်များကို “ပျံလွှားအောင်” စစ်ဆင်ရေးအဖြစ် PDF များက စစ်ရေးအရ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲမှုအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ စစ်ကောင်စီတပ်များ နေရာယူထားသည့် ဘန်ကာ အတွင်းသို့ ယနေ့ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပေါင်ပြတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ ည ၇ နာရီခန့်ကလည်း လှိုင်သာယာ ဒဂုံ-ဧရာအဝေးပြေး ကားဝင်းရှေ့၊ အနော်ရထာ စက်မှုဇုန်ထိပ်ရှိ ဗျူဟာမှူးရုံးထိုင် ကွပ်ကဲနေသည့် စစ်စခန်းကို ၄၀ မမ ဗုံးသီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ နေရာသို့ ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ်တန်းအား သမကုန်း လမ်းဆုံအနီးတွင် မိုင်းလေးလုံး ဖောက်ခွဲ၍ ဆက်လက်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် နေရာယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့အား ဒီဇင်ဘာ ၉ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်၌ ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုကိုတော့ မသိရှိရကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲမှုအဖွဲ့က ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာသည် ကြေညာချက်အမှတ် (၇) ထုတ်အပြီးတွင် ရက် ၃၀ ပိုစ့်တင်ခွင့် အပိတ်ခံထားရကြောင်း သိရသည်။

ယင်းသို့ ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ “ကျနော်တို့ page ကို Hate Speech နဲ့ Violence များ ပြုလုပ်နေသည့် Page မဟုတ်ကြောင်း recommendation ပေးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ သို့မှသာ ကျနော်တို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်များကို အများပြည်သူသိရှိနိုင်ဖို့ တင်ပြပေးနေလို့ရမှာ ဖြစ်ပါတယ်” ဟု ပြန်ကြားရေး တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါးစေများအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမို၍ ပြင်းပြင်းထန်ထန် ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ကိုလည်း အသိပေး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly