အင်္ဂလန်သို့မဟုတ် မန်ယူနည်းပြသစ်ဖြစ်မလာနိုင်ဟု ဂယ်ရီနဗီးလ်ပြော

အင်္ဂလန်သို့မဟုတ် မန်ယူနည်းပြသစ်ဖြစ်မလာနိုင်ဟု ဂယ်ရီနဗီးလ်ပြော

ဇန်နဝါရီ ၃၊  ဗလင်စီယာ ။           ။ အခြားအသင်းတစ်သင်း၏ နည်းပြဖြစ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မိမိသည် အင်္ဂလန်သို့မဟုတ် မန်ယူနည်းပြသစ် ဖြစ်လာနိုင်မည်မဟုတ်ဟု ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က ပြောသည်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဂယ်ရီနဗီးလ်သည် ယူရို ၂၀၁၆ အပြီးတွင် စာချုပ်ပြည့်မည့် အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်၏နေရာနှင့် မန်ယူ၌ ဖိအားဒဏ်ခံနေရသော ဗန်ဟားလ်၏နေရာတွင် အစားဝင်နိုင်မည့်သူအဖြစ် သတင်းများထွက်နေသူဖြစ်သည်။

အင်္ဂလန်အသင်းတွင် နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ယူထားရခြင်းနှင့် မန်ယူအသင်းတွင် ၂၀၀၅ မှ ၂၀၁၁ အတွင်းအသင်းခေါင်းဆောင် အဖြစ်ကစားခဲ့ရခြင်းတို့က ၎င်းကို ယင်းအသင်းများတွင် နည်းပြဖြစ်လာစေရန် ဦးစားပေးစဉ်းစားခံရစေလျှက်ရှိသည်။

သို့သော် ဘောလုံးသုံးသပ်သူအဖြစ်မှ ဗလင်စီယာနည်းပြအဖြစ် ဒီဇင်ဘာတွင် အံ့အားသင့်ဖွယ်ခန့်အပ်ခံရသည့် ဂယ်ရီနဗီးလ်က ယင်းနည်းပြ ရာထူးများကို မကြာမီကာလအတွင်း တာဝန်ယူရန်မဖြစ်နိုင်ဟု အခိုင်အမာငြင်းဆိုခဲ့သည်။

"နောက်ခြောက်လအတွင်း အင်္ဂလန်နည်းပြနဲ့ မန်ယူနည်းပြ မဖြစ်နိုင်ဘူးလို့ အာမခံပါတယ်။ ရှင်းရှင်းပြောရရင် ဖြစ်လဲမဖြစ်သင့်ပါဘူး။ ထွက်နေတဲ့သတင်းတွေက စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အခုဒီမှာကျွန်တော်လုပ်နေတာကို ပျော်ပါတယ်။ ရွိုင်းဟော့ဒ်ဆန်လက်အောက်မှာလုပ်ရတာကိုလည်း ပျော်တယ်။ နှစ်အတော်ကြာတဲ့အထိ လည်း မန်ယူအသင်းကိုပြန်သွားဦးမှာ မဟုတ်ပါဘူး"ဟု ဂယ်ရီနဗီးလ်က ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly