ပေါင်မြို့ရှိ အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရ

ပေါင်မြို့ရှိ အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်

ဒီဇင်ဘာလ ၁၂ရက်

မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့မရဲစခန်းတွင် အကျဉ်းကျနေသည့် အချုပ်သား ၁၇ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရသည်။
ပေါင်မြို့မရဲစခန်းမှ နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းတာဝန်ရှိသူက ပြောသည်။
"နေမကောင်းဖြစ်နေတဲ့ အချုပ်သားတစ်ဦးကို စစ်လိုက်တာ ပိုးတွေ့ရှိခဲ့တယ်၊ ပိုးတွေ့တော့ ထိတွေ့မှုရှိနေတဲ့ အချုပ်သား ၃၂ ဦးကို ပိုး ရှိမရှိ ထပ်မံစစ်ဆေးလိုက်တယ်။ နောက်ထပ် ၁၆ ဦး ပိုးထပ်တွေ့တယ်။ သူတို့ရဲ့ ကျန်း မာရေး အခြေအနေက ကောင်းနေပါတယ်" ဟု ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အချုပ်သားနှင့် ထိတွေ့ဆက်စပ်နေသည့် အခြား အချုပ်သား ၃၂ ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အချုပ်သား ၁၆ ဦးတွင် ရောဂါပိုး ထပ်မံတွေ့ခဲ့ပြီး စုစုပေါင်း အချုပ်သား ၁၇ ဦး ရောဂါကူးစက်ခံထားရသည်။
ရောဂါပိုးတွေ့ရှိသည့် အချုပ်သားများကို သီးခြားခွဲခြားထားပြီး ဆေးကုသမှုပေးထားရသည်ဟု တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြု အချုပ်သားလူနာများ၏ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေသည်ဟု သိရသည်။
ပေါင်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက ကိုဗစ်-၁၉ ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ရာမှ ယခု ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာရခြင်း ဖြစ်သည်ဟု ကိုဗစ်အရေး ကူညီပေးနေသူများက ပြောသည်။
မွန်ပြည်နယ်တွင် ဩဂုတ်လခန့်မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာခဲ့ပြီးနောက် ယခု ဒီဇင်ဘာလအတွင်း မြို့နယ်အချို့တို့တွင် ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာနေခြင်း ဖြစ် သည်။
လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိနေသည်မှာ ကိုဗစ် တကျော့ပြန်လာခြင်း မဟုတ် ကြောင်း ကိုဗစ်တတိယလှိုင်းလက်ကျန်များသာ ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီး ဌာနက တာဝန်ရှိသူများ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly