အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးရန် ရွာသို့ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်တပ်ကပစ်ခတ်

အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးရန် ရွာသို့ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်တပ်ကပစ်ခတ်

ဒီဇင်ဘာ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ ဒေသခံစစ်ဘေးရှောင်များသည်  နွား၊ ဝက်နှင့် ကြက်စသည့် အိမ်မွေး တိရိစ္ဆာန်များအား အစာကျွေးရန် ရွာသို့ပြန်စဉ် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခန့်တွင် တိမ်းရှောင်ရာ နေရာမှ ရွာသို့အပြန်တွင် ယင်းသို့ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ 

“အိမ်မွေး တိရိစ္ဆာန်အစာမစားရတာ ငါးရက်လောက်ရှိပြီ။ အရင်ကတော့ ရွာမှာကျန်နေသေးတဲ့ လူကြီးအချို့က အစာလိုက်ကျွေးထားပေးတယ်။ ခုနောက်ပိုင်း ရွာမှာလူကြီးတွေလည်း သိပ်မရှိတော့တဲ့အခါ နွားတွေနဲ့ ဝက်တွေ၊ ကြက်တွေကို အစာကျွေးမယ့်လူမရှိဘူး။ ဒါကြောင့် အစာပြန်ကျွေးတာ ရွာနားကပ်ရုံရှိသေးတယ် အပစ်ခံရတော့တာပဲ”ဟု ဒုန်းတောရွာသားတစ်ဦးကပြောသည်။

ဆားလင်းကြီးမြို့မြောက်ဘက်ရှိ ဒုန်းတောကျေးရွာတွင် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူ ၁၁ ဦးအား မီးရှို့သတ်ဖြတ်မှု ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ ထို့နောက် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ထိုရွာမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်မွေး တိရိစ္ဆာန်များအား ရွာတွင်ချန်ထားခဲ့ရခြင်းဖြစ်သည်။ 

“စစ်သားတွေဘက်က ကင်းပုန်းချထားခဲ့တဲ့ သဘောမျိုးဖြစ်မယ်။ ရွာအနားရောက်တာနဲ့ အပစ်ခံရတာ သူတို့မျက်စိတစ်ဆုံး မြင်တဲ့အထိကို ပစ်ကြတာ ဖရိုဖရဲနဲ့ အကုန်ပြေးကြရတာ”“ဟု ဒုန်းတောကျေးရွာသားတစ်ဦးက  ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ၊မရှိကို မသိရသေးကြောင်း ဒေသခံရွာသားများထံက သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required