တရုတ်က တိဗက်တွင် ယဉ်ကျေးမှု မျိုးသုဉ်းအောင် လုပ်ဆောင်နေ

By ANI
11 December 2021
တရုတ်က တိဗက်တွင် ယဉ်ကျေးမှု မျိုးသုဉ်းအောင် လုပ်ဆောင်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် သမ္မတ ရှီကျင့်ဖျင်၏ “ဆိုရှယ်လစ်စရိုက် လက္ခဏာရှိသော တိဗက်ဗုဒ္ဓဘာသာ” အတွေးအခေါ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

တားမြစ်ထားသော လှုပ်ရှားမှုများနှင့်အစဉ်အလာများတွင် တိဗက်ဘုရားကျောင်းသို့ လည်ပတ်ခြင်း၊ ဘုရားကျောင်း သို့မဟုတ် စေတီပုထိုးများတွင် ကရွတ်ကင်းလျှောက်ခြင်းနှင့် တိဗက် ဆုတောင်းလက်ကိုင်လှည့်ဘီးတို့ကို ကိုင်ဆောင်ခြင်းတို့ပါဝင်ကြောင်း မူဝါဒသုတေသနအဖွဲ့ (PRG) ၏ အဆိုအရသိရသည်။

ထို့ပြင် တိဗက်ရှိ မိသားစုဘုရားစင်တွင် ဝတ်ပြုဆုတောင်းခြင်းနှင့် ဒစ်ဂျစ်တယ်ဆုတောင်း ပုတီးများအသုံးပြုခြင်း သို့မဟုတ် မိုဘိုင်းလ်ဖုန်းများဖြင့် ဘုရားစာ နားထောင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အစောပိုင်းတွင် တရုတ်နိုင်ငံသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွန်မြူနစ်ပါတီဝင်များအတွက် ကျင့်ဝတ်များကို ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်များကို စာရင်းပြုစုထားသည်။ တိဘက်လူငယ်ကွန်ဂရက် (TYC) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆိုနမ်ဆာရင်က တိဘက်လူမျိုးများအပေါ် ကန့်သတ်ချက်များသည် မသင့်လျော်ကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် လာဆာရှိ တရုတ်အာဏာပိုင်များသည် သမ္မတရှီ၏ ဆိုရှယ်လစ်စရိုက်လက္ခဏာရှိသော တိဗက်ဗုဒ္ဓဘာသာဟူသော အယူအဆကို အကောင်အထည်ဖော်ရန် ကျောင်းများတွင် တိဗက်ဘာသာစကားသင်ကြားခြင်းကို တားမြစ်ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကျောင်းအဆင့်တွင် တိဗက်ဘာသာဖြင့် ဆက်သွယ်ပြောဆိုခြင်းကို ရပ်တန့်စေခဲ့ပြီး မန်ဒရင်းဘာသာစကားကို တစ်ခုတည်းသော သင်ကြားမှု ဘာသာစကားအဖြစ် ပြုလုပ်ခဲ့သည်။

ယခုနောက်ဆုံးထွက်ရှိသော အမိန့်၌ ကျောင်းချိန်ပြင်ပနှင့် ဆောင်းရာသီအားလပ်ရက်များတွင် ပြည်သူ့ကြိုးပမ်းအားထုတ်မှုများဖြင့် လုပ်ဆောင်သည့် ပုဂ္ဂလိကတိဗက်ကျောင်းများတွင် အခြေခံတိဗက်ဘာသာစကားသင်ကြားခြင်းကို တားမြစ်လိုက်ကြောင်း PRG ၏ သုတေသနဖော်ပြချက်အရ သိရသည်။ သမ္မတ ရှီကျင့်ဖျင်၏ ဇူလိုင်လက တိဗက်ဒေသသို့ ရှောင်တခင် ခရီးစဉ်အတွင်း ဆိုရှယ်လစ် စရိုက်လက္ခဏာရှိသော တိဗက်ဗုဒ္ဓဘာသာကို မြှင့်တင်ရန် ကွန်မြူနစ် ကေဒါများနှင့်တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။

ဤစည်းမျဉ်းများသည် တိဗက်လူမျိုးများအပေါ် တရုတ်ဗဟိုပြုသော ဘဝနေထိုင်မှုပုံစံကို ပြဌာန်းပေးရန် တိဗက်ရှိ တရုတ်အာဏာပိုင်များကို အထူးအာဏာများပေးအပ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly