အငြင်းပွားပင်လယ်ပြင်တွင် တရုတ်၏သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များအပေါ် အမေရိကန်နှင့် အီးယူ စိုးရိမ်

အငြင်းပွားပင်လယ်ပြင်တွင် တရုတ်၏သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များအပေါ် အမေရိကန်နှင့် အီးယူ စိုးရိမ်

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အာရှပစိဖိတ်ဒေသရှိ အငြင်းပွားပင်လယ်ပြင်တွင် တရုတ်နိုင်ငံ၏ သံသယဖြစ်ဖွယ် တစ်ဖက်သတ်လုပ်ဆောင်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး တရုတ်နှင့် ၎င်းတို့၏ပြိုင်ဆိုင်မှုကို စီမံဆောင်ရွက်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိပ်တန်းသံတမန်များဖြစ်ကြသည့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်နှင့် ဥရောပ ပြည်ပရေးရာဆောင်ရွက်မှုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် စတက်ဖ်နိုဆန်နီနို တို့အကြား အဆင့်မြင့်အစည်းအဝေးအပြီး ပူးတွဲကြေညာချက်၌ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတို့တွင် တရုတ်နိုင်ငံ၏လုပ်ဆောင်ချက်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဟန့်အတားဖြစ်စေပြီး အမေရိကန်နှင့်ဥရောပသမဂ္ဂတို့၏ လုံခြုံရေးနှင့် သာယာဝပြောရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ကမ်းရိုးတန်းစောင့်တပ်နှင့် ရေကြောင်းပြည်သူ့စစ်တို့ဖြင့် ရေပြင်တွင် ကျွန်းတုများနှင့် တပ်စခန်းများကို တည်ဆောက်လျက်ရှိသည်။

ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် ပင်လယ်ရေကြောင်း၏ အစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားကြပြီး ကမ္ဘာ့အရေးပါဆုံး ကုန်သွယ်လမ်းကြောင်းများအနက် တစ်ခုဖြစ်သည့် ဧရိယာတွင် အမေရိကန်သင်္ဘောများက လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အသုံးပြုလျက်ရှိသည်။

အမေရိကန်နှင့် အီးယူတို့သည် စီးပွားရေးကို ရင်းနှီးမြှပ်နှံပြီး ကြီးထွားဖွံ့ဖြိုးရန်လုပ်ဆောင်စဉ် သက်ဆိုင်ရာ ချဉ်းကပ်မှုများကို ဆက်လက်ထိန်းသိမ်းထားရန်၊ ဖြစ်နိုင်ဖွယ်ရှိသည့်နေရာများတွင်

တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံနှင့် စနစ်ကျသောပြိုင်ဆိုင်မှုကို တာဝန်သိစွာ စီမံရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တရုတ်နှင့်ပတ်သက်သော အမေရိကန်-အီးယူ ဆွေးနွေးပွဲကို ယခုနှစ်အစောပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယအကြိမ်အဆင့်မြင့်အစည်းအဝေးအပြီးတွင် ယင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး အမေရိကန်နှင့် အီးယူ၏ ဘုံတန်ဖိုးများနှင့် အကျိုးစီးပွားများကို တန်ပြန်ခြင်းအပါအဝင် စိုးရိမ်ဖွယ်ရာ တရုတ်၏လုပ်ရပ်များ ကြီးထွားလာမှုကို ရှာမန်နှင့် ဆန်နီနိုတို့က ဆွေးနွေးခဲ့သည်။

ဝီဂါမွတ်စလင် ၁ သန်းခန့်ကို ပြန်လည်ပညာပေးရေးစခန်းများသို့ ပို့ထားသည်ဆိုသော ရှင်ကျန်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဟောင်ကောင် ဖြိုခွင်းမှု၊ တိဗက်အခြေအနေနှင့် တရုတ်အထောက်အပံ့ဖြင့် မဟုတ်မမှန် သတင်းဖြန့်ဝေခြင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

လာမည့် အဆင့်မြင့်အစည်းအဝေးကို ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ကျင်းပရန် ရည်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly