တရုတ်နှင့်ဆက်စပ်သော ဝါဒဖြန့်အကောင့်ထောင်ပေါင်းများစွာကို Twitter ပိတ်သိမ်း

တရုတ်နှင့်ဆက်စပ်သော ဝါဒဖြန့်အကောင့်ထောင်ပေါင်းများစွာကို Twitter ပိတ်သိမ်း

ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားများကို တန်ပြန်ဆန့်ကျင်ရန် ကြိုးပမ်းနေသော တရုတ်အစိုးရနှင့်ဆက်စပ်သည့် အကောင့်ထောင်ပေါင်းများစွာကို Twitter မှ ပိတ်ပစ်လိုက်သည်။

စစ်ဆင်ရေးများသည် အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်း၊ ပြန်လည်ပညာပေးရေးအစီအစဉ်များနှင့် အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် သားကြောဖြတ်ခြင်းဆိုင်ရာ စွပ်စွဲမှုများနှင့်အတူ နှစ်ရှည်လများ ဖိနှိပ်မှုဆိုင်ရာ သက်သေအထောက်အထားများကို ချေမှုန်းရန် ကြိုးပမ်းလျက် ဒေသအတွင်း ပျော်ရွှင်ဖွယ် ဘဝနေထိုင်မှုဆိုင်ရာ သက်သေအတုများနှင့် အစိုးရ၏ဝါဒဖြန့်မှုကို ပြန့်ပွားရန် ဓာတ်ပုံများနှင့် ရုပ်ပုံများ၊ ဟန်ပြအကောင့်တုများနှင့် ဝီဂါပရိုဖိုင်အတုများကို အသုံးပြုခဲ့ကြသည်။

ကွန်ရက်များသည် အာဘော်များနှင့်အကြောင်းအရာများကို မျှဝေကြောင်း တွေ့ရှိရသော်လည်း တရုတ်သံတမန်များနှင့် တာဝန်ရှိသူများက ချဲ့ထွင်ရှင်းပြသည့်အချိန်မှလွဲ၍ အနည်းငယ်သာ လှုပ်ရှားကာ

ညစ်ညမ်းစာပေရုပ်ရှင် သို့မဟုတ် ကိုရီးယားဇာတ်လမ်းတွဲများအတွက် သီးခြားရည်ရွယ်သော အကောင့်များကို မကြာခဏ အသုံးပြုလေ့ရှိသည်။ Twitter ကို တရုတ်နိုင်ငံအတွင်း ပိတ်ပင်ထားသော်လည်း တာဝန်ရှိသူများက နိုင်ငံရပ်ခြားတွင် အကောင့်များကို မကြာခဏ အသုံးပြုလေ့ရှိသည်။

တရုတ်လုပ်ငန်းဆောင်ရွက်မှုများနှင့် ချိတ်ဆက်ထားသော အကောင့်များသည် ၂ မျိုးရှိပြီး ရှင်ကျန်းနှင့် ပတ်သက်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဇာတ်ကြောင်းများကို ချဲ့ကားပြောဆိုပေးသည့် အကောင့်ပေါင်း ၂ ၀၄၈ ပါသောအကြီးဆုံးကွန်ရက်နှင့် ဒုတိယတစ်ခုမှာ ပုဂ္ဂလိကကုမ္ပဏီ "ချန်ယုယဉ်ကျေးမှု" နှင့် ချိတ်ဆက်ထားသည့် အကောင့် ၁၁၂ ခုဖြစ်သည်။ အဆိုပါကုမ္ပဏီသည် အစိုးရကိုထောက်ခံသော ဝီဂါ ဗီဒီယိုများကို ဖန်တီးရန် ရှင်ကျန်းဒေသအာဏာပိုင်များနှင့် စာချုပ်ချုပ်ထားပုံရသည်ဟု ဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျု (Australian Strategic Policy Institute - ASPI) ကပြောသည်။

ကွန်ရက်တစ်ခုချင်းစီမှ စကားပြောမှတ်ချက်ပေါင်း ၃ ၀၀၀ ကျော်ကို အတည်ဖော်ထုတ်နိုင်ခဲ့ပြီး ‘ရှင်ကျန်းကောလာဟလတွေရပ်’ ဟူသောစာသားကို ဟက်ရှ်တက်(#)တွဲကာ ညှင်းပန်းနှိပ်စက်မှု အထောက်အထားများအား ‘မုသား’ အဖြစ် တံဆိပ်ကပ်လျက် တခြားမှတ်ချက်များကို တုံ့ပြန်ခြင်း သို့မဟုတ် ရှင်ကျန်းဖြစ်ရပ်မှန်ဆိုသော ဗီဒီယိုများကို မျှဝေခြင်း သို့မဟုတ် ပြည်ပနိုင်ငံရေးသမားများအား ဝီဂါဘက်တော်သားအဖြစ် ညွှန်းဆိုကာ ပစ်မှတ်ထားခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ASPI မှ ဖော်ထုတ်ထားသော အကောင့်များ၏ ၉၇ ရာခိုင်နှုန်းမှာ ပုံမှန်စောင့်ကြည့်ရန် စာရင်းသွင်းထားသူ ၅ ယောက်အောက်သာရှိပြီး အကောင့်များ၏ ၇၃ ရာခိုင်နှုန်းမှာ စာရင်းထည့်သွင်းထားသူ တစ်ယောက်မျှမရှိကြောင်း တွေ့ရသည်။ တွစ်တာမှတ်ချက်များ၏ ၉၈ ရာခိုင်နှုန်းသည် ကြိုက်နှစ်သက်ခြင်း သို့မဟုတ် အပြန်အလှန်မှတ်ချက်များ မရှိသလို တစ်ခါတရံ တရုတ်သံတမန်များနှင့်တာဝန်ရှိသူများက အားပေးနေရကာ အကြောင်းအရာများကို ဖြန့်ဝေခြင်းဖြင့် တရားဝင်အောင် လုပ်ဆောင်လျက်ရှိသည်။

“ပစ်မှတ်က တကယ်တော့ တရုတ်အစိုးရကို သံသယရှိတဲ့သူတွေကို မဟုတ်ဘဲ တရုတ်အစိုးရပိုင် မီဒီယာကို ယုံကြည်ပြီး အနောက်တိုင်းက အဓိကမီဒီယာတွေကို သံသယရှိတဲ့သူတွေဆီ အကြောင်းအရာတွေ ရောက်ရှိအောင် လုပ်ဆောင်နေတာပါ။ အောက်ခြေကလူတွေကို ဖျောင်းဖျတဲ့ ဝါဒဖြန့်မှုပါ” ဟု ASPI သုတေသီ အဲလ်ဘာ့ဇန်းမှ ပြောကြားခဲ့သည်။

ဝါဒဖြန့်ချိရေး လှုပ်ရှားမှုသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အနာဂတ် သတင်းအချက်အလက် စစ်ဆင်ရေးလားရာကို ထင်ဟပ်သည်ဟု ASPI ၏ အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required