ထိုင်ဝမ်နှင့် ဆက်ဆံရေး နွေးထွေးလာသည့် လစ်သူယေးနီးယားကို တရုတ်၏ အကောက်ခွန်မှတ်တမ်းမှ ဖယ်ရှား

ထိုင်ဝမ်နှင့် ဆက်ဆံရေး နွေးထွေးလာသည့် လစ်သူယေးနီးယားကို တရုတ်၏ အကောက်ခွန်မှတ်တမ်းမှ ဖယ်ရှား

ထိုင်ဝမ်နှင့် ဆက်ဆံရေး နွေးထွေးလာမှုကို လက်တုံ့ပြန်သည့်အနေဖြင့် လစ်သူယေးနီးယားကို တရုတ်၏ အကောက်ခွန်မှတ်တမ်းမှ ဖယ်ရှားသဖြင့် လစ်သူယေးနီးယား ကုန်ပစ္စည်းအများအပြား ပင်လယ်ထဲတွင် သောင်တင်နေခဲ့သည်။

ဒီဇင်ဘာ ၂ ရက်တွင် 15min.lt သတင်းဝက်ဘ်ဆိုဒ်မှ လစ်သူယေးနီးယား သစ်အချောထည် တင်ပို့ရောင်းချသူ တစ်ဦးကို ကိုးကား၍ ယင်းကုမ္ပဏီ၏ ထုတ်ကုန်များသည် ရှန်ဟိုင်းဆိပ်ကမ်းသို့ ဝင်ခွင့်တားမြစ်ခံရပြီး လစ်သူယေးနီးယားနိုင်ငံသည် တရုတ်အကောက်ခွန်မှတ်တမ်းကွန်ပျူတာစနစ်တွင် မရှိတော့သဖြင့် ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းအား ပိတ်ပင်ထားသည်ဟု ဆိုသည်။

လစ်သူယေးနီးယားစက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဌ ဂျနူးလီဗီးဆီးရပ်စ်က "လစ်သူယေးနီးယားကို ဖြတ်ချလိုက်ပြီ... ဒီနိုင်ငံမျိုး တရုတ်ရဲ့ အကောက်ခွန်စနစ်မှာ မရှိဘူးလို့ ထင်ပါတယ်" ဟု သတင်းဌာနကို ပြောကြားခဲ့သည်။

ယင်းသို့ ပြုလုပ်ခြင်းကြောင့် တရုတ်ပြည်သို့ သင်္ဘောဖြင့် ကွန်တိန်နာ ၃၀ဝ သစ်တင်ပို့ရောင်းချသည့် ကုမ္ပဏီကဲ့သို့သော လုပ်ငန်းများသည် ယင်းတို့၏ ထုတ်ကုန်များကို များစွာ ထိခိုက်စေခဲ့သည်။

ကွန်မြူနစ်တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် ပြဿနာများကြုံတွေ့နေရကြောင်း လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက Baltic News Service (BNS) သို့ အတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် လစ်သူရေးနီးယား၏ ထုတ်လုပ်မှုများနှင့် လစ်သူယေးနီးယားကုမ္ပဏီများနှင့် ဆက်စပ်နေသော လုပ်ငန်းများကို အနှောင့်အယှက်ပြုခံရသည့် အစီရင်ခံစာများကို လက်ခံရရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်၏ ကန့်သတ်ချက်အသစ်များနှင့် ပတ်သက်ပြီး တရုတ်အရာရှိများထံမှ သတင်းအချက်အလက်များကို စုဆောင်းနေကြောင်း လစ်သူယေးနီးယားအမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန(LRT) က ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့်တုံ့ပြန်ဆောင်ရွက်ပေးရန်အတွက် ဥရောပကော်မရှင်နှင့်လည်း ဆက်သွယ်ဆောင်ရွက် နေသည်ဟု သတင်းက ထပ်လောင်း ဖော်ပြခဲ့သည်။

ထိုင်ဝမ်အား ဗီးနပ်စ်မြို့တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်ပြုခြင်းအတွက် လစ်သူယေးနီးယားအား ဒဏ်ခတ် အရေးယူရန် တရုတ်က ကြိုးစားနေပြီး လစ်သူယေးနီးယားက ၂၀၂၂ခုနှစ်တွင် ထိုင်ဝမ်တွင် ကိုယ်ပိုင်ရုံး ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly