တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးမှုရှိဟု CDF Kanpetlet ထုတ်ပြန်

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးမှုရှိဟု CDF Kanpetlet ထုတ်ပြန်

ဒီဇင်ဘာ ၁၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပါကွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF Kanpetlet) က ယမန်နေ့ ဒီဇင်ဘာလ ၉ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၉ နာရီတွင် ဖြစ်ပွားခဲ့သော သုံးနာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားကြောင်း

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကွေးတိုင်း ဆောမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက် နယ်စပ် ပေါင်ချောင်းဘက်မှ အင်အား ၈၀ခန့် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခြေလျင်ချီတက်လာရာ ကာကွယ်ရေးတပ်ဖွဲဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့) တွေအနေနဲ့ အဓိက မြို့တွင်းကို ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့စခန်းတွေရဲ့လုံခြုံရေး အတွက် အခုလို အင်အားတွေ တိုးချဲ့လာတာလို့မြင်တယ်” ဟု CDF Kanpetlet တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ သာလွန်ပစ်အားနှင့် ထိုးစစ်ဆင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခွာစစ်စနစ်ဖြင့် တိုက်ပွဲဆင်ခဲ့ရာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန်ပက်လက်မြို့အတွင်း အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ ရဲစခန်းတို့အပြင် မြန်မာ့စီးပွားရေးဘဏ် နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင်ပါ စုစုပေါင်း အင်အား ၂၀၀ခန့်ဖြင့် တပ်စွဲထားကြောင်း CDF Kanpetlet တာ၀န်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်အတွင်း ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၄ ဦးကျဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိကြောင်း CDF Kanpetlet ထုတ်ပြန်ချက်အရ သိရှိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required