အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီမတက်ခြင်းဖြင့် ငြိမ်သက်ခြင်း သပိတ် ပါဝင်ဆင်နွှဲကြရန် နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က တိုက်တွန်း

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီမတက်ခြင်းဖြင့် ငြိမ်သက်ခြင်း သပိတ် ပါဝင်ဆင်နွှဲကြရန် နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က တိုက်တွန်း

ဒီဇင်ဘာ ၁၀

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီမတက်ခြင်းဖြင့် ငြိမ်သက်ခြင်း သပိတ် တွင် ပါဝင်ဆင်နွှဲကြရန် ပြည်တွင်းအခြေစိုက် နွေဦးတော်လှန်ရေးမြန်မာမွတ်ဆလင်ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ  နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးထွန်းကြည်က မဇ္စျိမကို ပြောသည်။ 

ယနေ့ ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် အကြမ်းဖက်စစ်အာဏာရှင်အား ဆန့်ကျင်သည့် အနေဖြင့် တိုင်းနှင့် ပြည်နယ်များအတွင်း ငြိမ်သက်ခြင်းသပိတ် ကို ပြည်သူလူထုက ပါဝင်ဆင်နွှဲနေကြခြင်းဖြစ်သည်။ 

ယနေ့သည် အစ္စလာမ်ဝင်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရမည့် နေ့ထူး၊နေ့မြတ် သောကြာနေ့နှင့် တိုက်ဆိုင်နေသော်လည်း ဗလီမတက်ရောက်ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် တစ်သားတည်း ပါဝင်ဆင်နွှဲကြရန် ဦထွန်းကြည်က မေတ္တာရပ်ခံ တိုက်တွန်းသည်။ 

“ဗလီမသွားခြင်းဖြင့်လည်း ပါဝင်ကူညီကြဖို့ပါ။ ဖက်ဆစ်စစ်တပ်အနေနဲ့ အခွင့်ကောင်းယူပြီး အမျိုးမျိုးအဖုံဖုံ လုပ်ကြံဖန်တီးနိုင်တယ်။ နောက်တစ်ချက်က အင်နဲ့အားနဲ့ တို့တိုင်းပြည်ရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် တို့အစ္စလာမ်ဘာသာဝင် မွတ်ဆလင်ထုတစ်ရပ်လုံးကလည်း တစ်သားတည်း ဖြစ်ဖို့
တော့ အရေးကြီး တယ်။ သွားခြင်း၊မသွားခြင်းထက် ဒီအချိန်မှာ တစ်သားတည်း ဖြစ်ဖို့ အရေးကြီးတယ်” ဟု ဦးထွန်းကြည်က ပြောသည်။ 

အစ္စလာမ်ဘာသာဝင်အချို့အနေဖြင့် ဗလီသွားချင်သည်ဆိုပါက နံနက် ၁၀ နာရီ သပိတ်မစတင်မီအချိန်တွင် ဗလီသို့ သွားရောက်ကြပြီး ညနေ ၄ နာရီ သပိတ်ပြီးဆုံးချိန်မှသာ ဗလီများအတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာပေးကြရန်လည်း တိုက်တွန်းထားသည်။ 

ထို့အပြင် နွေဦးတော်လှန်ရေးမြန်မာမွတ်ဆလင်ကွန်ရက်၏ ဒီဇင်ဘာလ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်အား အစ္စလာမ်ဘာသာကိုယ်စားပြုသည်ဆိုသော အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ၊ ယင်းသို့ သွားရောက် တွေ့ဆုံခဲ့သော ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံအစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာကို  ကိုယ်စားမပြုကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ရွံရှာ စက်ဆုပ်မိကြောင်း အတိအလင်း ထုတ်ပြန်အပ်သည်ဟု ပါရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required