ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအကြောင်း ကူညီစုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့သူ ဖိလစ်ပိုင်ဂျာနယ်လစ် ပစ်သတ်ခံရ

ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအကြောင်း ကူညီစုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့သူ ဖိလစ်ပိုင်ဂျာနယ်လစ် ပစ်သတ်ခံရ
Photo - AFP

ဒီဇင်ဘာ ၁၀

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေး နှိမ်နင်းရေး စစ်ပွဲအတွင်း ဖြိုခွင်းနှိမ်နင်းမှုတွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ် သတင်းရေးသားမှုမှာ ပါဝင်ကူညီရေးသားခဲ့တဲ့ ဖိလစ်ပိုင်သတင်းထောက်တစ်ဦး ဒီဇင်ဘာ ၈ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ သတင်းမီဒီယာထောက်ခံအားပေးမှုအဖွဲ့တစ်ခုက ပြောပါတယ်။

ဒါဟာ ယင်းနိုင်ငံမှာ ဂျာနယ်လစ်တွေ အသတ်ခံရမှု ဖြစ်စဉ်တွေ ဖြစ်ပွားထားခဲ့တဲ့နောက် ယခုနောက်ဆုံး ထပ်မံပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဂျာနယ်လစ်တွေအတွက် အန္တရာယ်အရှိဆုံး နေရာတွေအနက် တစ်ခု ဖြစ်နေပြီး ဂျာနယ်လစ်တွေကို သတ်ဖြတ်သူအများစုဟာ အရေးယူမခံရဘဲ ရှိနေတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာတော့ ဖိလစ်ပိုင် သတင်းသမားတစ်ဦးဖြစ်တဲ့ ဂျီဆက် မယ်လာဘာနန်ဟာ နိုင်ငံအလယ်ပိုင်း ဆာမာပြည်နယ် ကယ်လ်ဘာယော့ မြို့မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဖိလစ်ပိုင် ဂျာနယ်လစ်များဆိုင်ရာ အမျိုးသားသမဂ္ဂ (NUJP) ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ပြောဆိုပါတယ်။

မယ်လာဘာနန်ဟာ မြို့တော်ရဲ့ မြောက်ဘက် နိုင်ငံအလယ်ပိုင်း လူဇွန်ဒေသရှိ Manila Standard သတင်းစာအတွက် အလုပ်လုပ်ပေးနေခဲ့တဲ့ သတင်းထောက်တစ်ဦးဖြစ်တယ်လို့ အဆိုပါ သတင်းစာက အေအက်ဖ်ပီကို ပြောခဲ့ပြီး တစ်ဆက်တည်းမှာပဲ ၎င်း သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဟာ ရိုက်တာသတင်းဌာနအတွက်လည်း အလုပ်လုပ်ကိုင် ရေးသားပေးခဲ့သူလည်း ဖြစ်ပါတယ်။

မယ်လာဘာနန်ကတော့ ၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်မှာ ဒူတာတေးရဲ့ မူးယစ်ဆေး နှိမ်နင်းမှုစစ်ပွဲအတွင်း ဖြိုခွင်းနှိမ်နင်းမှုတွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ ပူလစ်ဇာဆုရ သတင်းရေးသားဖော်ပြမှုတစ်ခုမှာ ပါဝင်ကူညီရေးသားပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ခုလို မယ်လာဘာနန် အသတ်ခံရမှု သတင်းကို ကြားသိရချိန်မှာ "အင်မတန် စိတ်ထိခိုက်ဝမ်းနည်းမိ" တယ်လို့ နိုင်ငံတကာ သတင်းအေဂျင်စီက ပြောခဲ့ပါတယ်။

လူဇွန်ကျွန်းရှိ NUJP ရဲ့ ပမ်ပန်ဂါ ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီဖြစ်စဉ်ဟာ "မိုက်မဲပြီး အသိတရားမဲ့တဲ့ သတ်ဖြတ်မှု" ဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ကယ်လ်ဘာယော့မြို့ ရဲတပ်ဖွဲ့က အသေးစိတ်အချက်အလက်တွေ ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ခုလို မယ်လာဘာနန် သေဆုံးမှုမတိုင်မီ နှစ်လသာသာခန့်ကလည်း တောင်ပိုင်းကျွန်း မင်ဒါနာအိုမှာ အော်လန်းဒိုး ဒီနွိုင်းအမည်ရှိ သတင်းထောက်တစ်ဦး ၎င်းရဲ့ နေအိမ်တိုက်ခန်းမှာ ပစ်သတ်ခံရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ထားခဲ့ပါသေးတယ်။

ယင်းအချိန်က ဒီနွိုင်းဟာ နိုင်ငံမှာ သမ္မတ ဒူတာတေး ၂၀၁၆ ခုနှစ်မှာ အာဏာရပြီးနောက်ပိုင်း အသတ်ခံရတဲ့ ၂၁ ဦးမြောက် ဂျာနယ်လစ်ဖြစ်တယ်လို့ NUJP က အစောပိုင်းက ပြောထားခဲ့ပါတယ်။

ယခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ သတ်ဖြတ်ခံရမှုတွေမတိုင်မီ အောက်တိုဘာလက နယူးယော့ခ် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီရဲ့ အစီရင်ခံစာတစ်ရပ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ပြစ်ဒဏ်ခတ်မခံရမှု အညွှန်းကိန်းစာရင်းမှာ ဖိလစ်ပိုင်ကို အဆင့်ခုနစ် နေရာမှာ ထားရှိပြီး ယင်းနိုင်ငံမှာ ဂျာနယ်လစ် ၁၃ ဦးအသတ်ခံရမှု ဖြစ်စဉ်တွေကို
ဖော်ထုတ်ဖြေရှင်းနိုင်မှု မရှိသေးဘဲ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required