အီရတ်မှာ အိုင်အက်စ်တွေ သတ်ဖြတ်ခဲ့တဲ့ ရာဇီဒီမျိုးနွယ်စု ရုပ်အလောင်းတွေကို အသုဘချ

အီရတ်မှာ အိုင်အက်စ်တွေ သတ်ဖြတ်ခဲ့တဲ့ ရာဇီဒီမျိုးနွယ်စု ရုပ်အလောင်းတွေကို အသုဘချ
Photo - AFP

ဒီဇင်ဘာ ၁၀

အီရတ်နိုင်ငံ‌ မြောက်ပိုင်းမှာ အိုင်အက်စ်တွေ သတ်ဖြတ်ခဲ့တဲ့ ရာဇီဒီမျိုးနွယ်စု ရုပ်အလောင်းတွေ အစုပြုံလိုက် မြုပ်နှံထားတာကို တွေ့ရှိပြီးနောက် အဲဒီ ရုပ်အလောင်း ၄၁ လောင်းကို သင်္ချိုင်းတစ်ခုဆီ ကြာသပတေးနေ့က တန်းစီပို့ဆောင်ပြီး အသုဘချကြပါတယ်။ 

၂၀၁၄ ခုနှစ်အတွင်းမှာ အီရတ်နယ်မြေ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက်မှာ အိုင်အက်စ်တွေဟာ ကာ့ဒ်စကားပြော ရာဇီဒီလူနည်းစုတွေ ရေရှည်အခြေချ နေထိုင်ရာ မြောက်ပိုင်း ဆင်းဂျာဒေသ အပါအဝင်မှာ ကြောက်မက်ဖွယ် လူအစုပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတာပါ။ 

၂၀၁၇ မှာ အိုင်အက်စ် ဂျီဟတ်တွေကို အောင်ပွဲရကြောင်း အီရတ်အာဏာပိုင်တွေက ကြေညာပြီးနောက် နိုင်ငံအနှံ့ လူအစုပြုံလိုက် မြုပ်နှံထားတဲ့ သင်္ချိုင်းမြေတွေကို တော်တော်များများ ရှာဖွေတွေ့ရှိတာပဲ ဖြစ်ပါတယ်။  

အတော်အတန်ကြီးမားတဲ့ လူအစုပြုံလိုက် မြုပ်နှံထားတဲ့ သင်္ချိုင်းမြေကို ၂၀၁၉ မတ်လလယ်မှာ ဆင်းဂျာပြည်နယ် ကိုဂျိုမြို့မှာ ရှာဖွေတွေ့ရှိပြီးနောက် ကြွင်းကျန်ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ခွဲခြားသိမှတ်ဖို့ ကာလရှည် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ 

အခု ရုပ်အလောင်း ၄၁ လောင်းကို အသုဘချရာမှာ အီရတ်စစ်သားတွေက ရုပ်အလောင်းတွေ ထည့်သွင်းထားတဲ့ သစ်သားအခေါင်းတွေကို သယ်ဆောင်ရင်း စီတန်းအသုဘချတာ ဖြစ်ပါတယ်။ ဒီ နာရေးလူတန်းမှာ ဘုံတိုတီးတာနဲ့ ရိုးရာပလွေမှုတ်ပြီး ဓလေ့ထုံးစံအတိုင်း အသုဘချရာမှာ အမွှေးနံ့သာတွေလည်း လေနဲ့အတူ ပျံ့လွင့်နေပါတယ်။ 

ခေါင်းတလားတိုင်းပေါ်မှာလည်း ပန်းတွေနဲ့ အီရတ်အလံတွေကို ခြုံလွှမ်းထားပြီး စီတန်းအသုဘ ချတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required