ဆားလင်းကြီးမြို့ အရပ်သား ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရမှုအပေါ် အမေရိကန် အပြင်းအထန် ရှုတ်ချ

ဆားလင်းကြီးမြို့ အရပ်သား ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရမှုအပေါ် အမေရိကန် အပြင်းအထန် ရှုတ်ချ
Photo - REUTERS

ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့သည် ဆိုသည့် သတင်းများကြောင့် အမေရိကန်အနေဖြင့် "နာကြည်းဒေါသထွက်" ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားများသည် အရပ်သား ၁၁ ဦးကို ပစ်ခတ်ပြီး ယင်းနောက် အဆိုပါအရပ်သားများကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ မီးလောင်ကျွမ်းခံထားရသည့် အလောင်းများကို ကျေးရွာတစ်ရွာတွင် တွေ့ရှိခဲ့သည်။

မီးရှို့ခံထားရသည့် ရုပ်အလောင်းများကို ပြသထားသည့် ဗီဒီယိုရုပ်သံလည်း ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီး ယင်းဖြစ်စဥ်နှင့်ပတ်သက်သည့် ဓာတ်ပုံများကို Myanmar Now အပါအဝင် သတင်းမီဒီယာတချို့က ဖော်ပြခဲ့ကြသည်။

"မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ကလေးတွေအပါအဝင် ရွာသား ၁၁ ယောက်ကို စစ်တပ်က ကြိုးတုပ်ဖမ်းဆီးပြီး သူတို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ယုံကြည်ရတဲ့၊ စိတ်မချမ်းသာစရာ သတင်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန် နာကြည်းဒေါသထွက်ရပါတယ်" ဟု ပရိုက်စ်က ပြောသည်။

မြန်မာတွင် အာဏာသိမ်းစစ်တပ်ဘက်က အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မတရား ဖမ်းဆီးထားသူများကို ပြန်လွှတ်ရေးအတွက် ဝါရှင်တန်၏ တောင်းဆိုမှုကို ပရိုက်စ်က ထပ်မံ ပြောဆိုသွားခဲ့သည်။

မီးရှို့သတ်ဖြတ်ခံထားရသည့် အလောင်းများကို စစ်ကိုင်းတိုင်းရှိ ရွာတစ်ရွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုဧရိယာသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ထားခဲ့သည့် ဧရိယာတစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဒေသခံများ၏ အဆိုအရ အသတ်ခံရသူများအနက် တချို့သည် အသက်မသေသေးဘဲ ရှင်နေဆဲအချိန်တွင် မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required