အားလုံးပါဝင်သော အစိုးရဖြစ်စေရေးအတွက် အာဖဂန်ဆန္ဒပြသူများက ကဘူးလ်၌ လမ်းပေါ်ထွက် တောင်းဆိုဆန္ဒပြ

အားလုံးပါဝင်သော အစိုးရဖြစ်စေရေးအတွက် အာဖဂန်ဆန္ဒပြသူများက ကဘူးလ်၌ လမ်းပေါ်ထွက် တောင်းဆိုဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံတွင် တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းဆရာများက ဒီဇင်ဘာ ၆ ရက်တွင် ကဘူးလ်မြို့အရှေ့ပိုင်း၌ ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြပြီး အစိုးရအဖွဲ့တွင် လူ့အဖွဲ့အစည်း၏နယ်ပယ်ကဏ္ဍစုံကို ကိုယ်စားပြုသူများ ထပ်မံ ထည့်သွင်းပါဝင်စေရေးအတွက် တောင်းဆိုခဲ့ကြကြောင်း Tolo News က ဖော်ပြသည်။

ထို ဆန္ဒပြပွဲတွင် အမျိုးသား၊ အမျိုးသမီး ဆန္ဒပြသူများ ပါဝင်ခဲ့ကြပြီး ၎င်းတို့က "တာလီဘန်တွေ၊ ခင်ဗျားတို့နိုင်ငံနဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ကြပါ" ၊ "တရားမျှတမှုနဲ့ သာတူညီမျှရှိမှုကို သေချာရရှိစေတာနဲ့ တစ်ယောက်နဲ့တစ်ယောက် လက်သင့်ခံမှုကပဲ အာဖဂန်အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် လမ်းကြောင်းဖြစ်တယ်" ဆိုသည့် နိုင်ငံရေးဆောင်ပုဒ်များကို ကိုင်မြှောက်ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် တာလီဘန်အစိုးရအနေဖြင့် အစိုးရအဖွဲ့တွင် လူ့အဖွဲ့အစည်း၏ နယ်ပယ်ကဏ္ဍစုံကို ကိုယ်စားပြုသူများကို ပိုမိုထည့်သွင်းပါဝင်စေရေးအတွက် လက်ခံစဥ်းစားပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

"တာလီဘန် ခေါင်းဆောင်တွေကို ပေးချင်တဲ့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ကျွန်တော်တို့ဆီမှာ ရှိနေတယ်၊ မူလာ ဟီဘတ်တူလာ အက်ခွန်ဇာဒါ၊ မူလာ ဟက်ဆန် အက်ခွန် နဲ့ အခြား တာလီဘန်တာဝန်ရှိသူတွေအားလုံးကို ပြောချင်ပါတယ်၊ တကယ်လို့ ခင်ဗျားတို့ အာဖဂန်နစ္စတန်မှာ ဆက်ရှိနေချင်တယ်ဆိုရင် ဘက်ပေါင်းစုံ အားလုံးနဲ့ လာပြီး ဆက်ဆံပတ်သက်ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်" ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မိုဟာမက် ဆာဘီရာက ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

"နောက်ပြီး အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ကိုလည်း သူတို့ ခွင့်ပြုပေးသင့်ပါတယ်၊ ပြီးတော့ အမျိုးသမီးတွေ ပညာသင်ကြားမှုကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးသင့်ပါတယ်" ဟု အခြား ဆန္ဒပြသူတစ်ဦးဖြစ်သည့် နာဇာ မိုဟာမက် အန်ဝါရီက ပြောသည်။

အာဖဂန် အမျိုးသမီးများ၏ လက်ရှိ ပြဿနာများက အတင်းအကျပ် လက်ထပ်မှု၊ မွတ်ဆလင် လက်ထပ်ထိမ်းမြှားမှုနှင့်ပဲ သက်ဆိုင်ပတ်သက်နေခြင်း မဟုတ်ကြောင်း ဆန္ဒပြသူများက ပြောခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။

"မိမိတို့အနေနဲ့ လူ့အခွင့်အရေးတွေကို လိုချင်ပါတယ်၊ ရှာရီယာဥပဒေက ခွင့်ပြုပေးတဲ့ အဲဒီ အခွင့်အရေးတွေကို လိုချင်ပါတယ်၊ သူတို့ (တာလီဘန်) အနေနဲ့ ရှာရီယာရဲ့ သူတို့ မကြိုက်တဲ့ အပိုင်းတွေ လက်မခံဘဲ သူတို့ကြိုက်တဲ့ အပိုင်းတွေကိုပဲ လက်ခံတာမျိုး မလုပ်သင့်ပါဘူး" ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ရှီလာ အန်ဆန်ဒို့စ်က ပြောခဲ့သည်။

တချိန်တည်းမှာပင် ယခင် လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အလုပ်လုပ်ပေးခဲ့သည့် အမျိုးသမီးအမှုထမ်းအဖွဲ့ဝင်ဟောင်းတချို့သည်လည်း နေရာအတိအကျ မဖော်ပြထားသည့် တည်နေရာတစ်ခုတွင် စုဝေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာများကို နိုင်ငံတကာက လျစ်လျူရှုလျက် ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly