တရုတ် အိုလံပစ်ပွဲတော်ကို သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ကြောင်း လစ်သူယေးနီးယားက အတည်ပြု

တရုတ် အိုလံပစ်ပွဲတော်ကို သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ကြောင်း လစ်သူယေးနီးယားက အတည်ပြု

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် စိုးရိမ်မှုများရှိနေချိန်တွင် ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်း ဒီဇင်ဘာ ၃ရက်တွင် လစ်သူယေးနီးယားက အတည်ပြုခဲ့သည်။

“၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်း လစ်သူယေးနီးယားက အတည်ပြုပါတယ်။ သမ္မတ ဂီတာနက်စ် နျူစီဒါကရော ဝန်ကြီးတွေကရော မတက်ရောက်ဘူးလို့ အတည်ပြုခဲ့ပါတယ်” ဟု ပါလီမန်များဆိုင်ရာ မဟာမိတ်အဖွဲ့(IPAC) မှ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

လစ်သူယေးနီးယားအပြင်၊ အမေရိကန်နှင့် ဗြိတိန်တို့ကလည်း တရုတ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သံတမန်ရေးအရ သပိတ်မှောက်ရန် စဉ်းစားနေသည်ဟု ဆိုသည်။

ရှင်ကျန်းပြည်နယ်တွင် ဝီဂါမွတ်စလင်များကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ဟောင်ကောင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများကို ဖြိုခွင်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများ က ပြင်းထန်စွာဝေဖန်နေစဉ် ယင်းကိစ္စဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်အစောပိုင်းတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့သည် ရှင်ကျန်းဝီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်အရာရှိ ၄ ဦးနှင့် အဖွဲ့အစည်းတစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

တရုတ်နှင့် လစ်သူယေးနီးယားအကြား ဆက်ဆံရေး ယိုယွင်းလာချိန်တွင် သံတမန်ရေးအရ သပိတ်မှောက်မှုနှင့် ပတ်သက်၍ ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

လစ်သူယေးနီးယားအစိုးရက နိုင်ငံအတွင်း ထိုင်ဝမ်ကို ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပြုပြီးနောက် ၂၀၂၁ခုနှစ်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ ဩဂုတ်လတွင် တရုတ်က ၎င်းတို့၏ သံအမတ်အကြီးကို လစ်သူယေးနီးယားမှ ပြန်လည်ခေါ်ယူခဲ့ပြီး စက်တင်ဘာလတွင် လစ်သူယေးနီးယားကလည်း အလားတူ တုံ့ပြန်ခဲ့သည်။

တရုတ်က လစ်သူယေးနီးယားကို ယင်း၏ အကောက်ခွန်စနစ်မှ ဖျက်လိုက်သည်ဟု စွပ်စွဲခံရပြီးနောက် လစ်သူယေးနီးယားကုမ္ပဏီများသည် တရုတ်ဆိပ်ကမ်းများတွင် အကောက်ခွန်ရှင်းလင်းရေး ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း မကြာသေးမီက သတင်းများ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required