Silent Strike လုပ်၍ ဆိုင်မထွက်ပါက အရေးယူမည်ဟု ပုသိမ်မြို့မဈေး စည်ပင်ကော်မတီ ခြိမ်းခြောက်

Silent Strike လုပ်၍ ဆိုင်မထွက်ပါက အရေးယူမည်ဟု ပုသိမ်မြို့မဈေး စည်ပင်ကော်မတီ ခြိမ်းခြောက်

ဒီဇင်ဘာ ၉

ဧရာဝတီတိုင်း ပုသိမ်မြို့မဈေး စည်ပင်သာယာရေး ကော်မတီက မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်(Silent Strike) နေ့တွင် ဈေးဆိုင်များ မထွက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်ညွှန်ကြားစာကို ဈေးကြီးအတွင်း ဖြန့်ဝေပြီး လိုက်လံဖိအားပေးနေကြောင်း သိရသည်။

ပုသိမ် စည်ပင်သာယာရေး ကော်မတီပိုင် ဈေးကြီးများအတွင်း ဈေးသူဈေးသားများ အနေဖြင့် ဈေးရောင်းချခြင်း မပြုဘဲ မိမိသဘောဆန္ဒဖြင့် ဈေးဆိုင်ခန်းပိတ်သိမ်းခြင်း မပြုရန်နှင့် မိမိသဘောဆန္ဒဖြင့် ဈေးဆိုင်ခန်း ပိတ်သိမ်းထားကြောင်း စစ်ဆေးတွေ့ရှိပါက ဆိုင်ခန်းများအား ယာယီ သို့မဟုတ် ရက်အကန့်အသက်မရှိ ပိတ်သိမ်းမည်ဆိုကာ ခြိမ်းခြောက်ညွှန်ကြားစာကို ဈေးများအတွင်း လိုက်လံ ကြေညာလျက်ရှိကြောင်း သိရသည်။

“ဈေးက ကြေညာသင်ပုန်းမှာလည်း ကပ်ထားတယ်၊ နေ့လည်ကလည်း ဟွန်းနဲ့လိုက်အော်နေတယ်၊ ဘယ်လိုကောင်တွေလည်း မသိဘူး ဒါလေးကိုတောင် အတင်းကြောက်နေတယ်၊ အသံတိတ်သပိတ်ကို မအောင်မြင်အောင် တမင်လုပ်နေတာ၊ ဒါလေးတောင် ဒီလောက်ကြောက်နေရင် PDF မြင်တာနဲ့ ထွက်ပြေးကြမှာ၊ အခုကျတော့ လက်နက်မရှိတဲ့ ပြည်သူတွေပဲ လိုက်ဒုက္ခပေးနေတယ်၊ ပုသိမ်စည်ပင်ကို သတိပေးစေချင်တယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  မနက်ဖြန်  ဒီဇင်ဘာလ ၁၀ ရက်တွင် ပြုလုပ်မည့်  အသံတိတ် သပိတ် ပျက်ပြားစေရန် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်နေသည်။ 

ရန်ကုန် အပါအဝင် မြို့ကြီးများရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများနှင့် ပြင်ပဆိုင်ခန်းများကို မနက်ဖြန်တွင် မဖြစ်မနေ ဖွင့်လှစ်ရန် ဖိအားပေးခြင်း၊ ကုမ္ပဏီ လုပ်ငန်း အဖွဲ့အစည်းအချို့ကို အကြောင်းမဲ့ အစည်းအဝေးခေါ်ခြင်း၊ လူစည်ကားစေရန် စစ်ကောင်စီ လက်အောက်ခံရုံးများ၊ လုပ်ငန်းကိစ္စ အရေးများကို ဒီဇင်ဘာလ ၁၀ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required