လောင်းလုံးမြို့နယ် ကညုံကျွန်းရွာကို စစ်တပ်ဝင်စီး၊ လက်နက်တွေ့၍ ရွာသား ၁၀ ဦးကျော် ဖမ်းဆီးခံထားရ

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာကို စစ်တပ်ဝင်စီး၊ လက်နက်တွေ့၍ ရွာသား ၁၀ ဦးကျော် ဖမ်းဆီးခံထားရ

ဒီဇင်ဘာ ၉

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာ သင်္ချိုင်းကုန်းတွင် လက်နက်များ ရှာဖွေ တွေ့ရှိ၍  အကြမ်းဖက်စစ်တပ်က ရွာသား ၁၀ ဦးကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။ 

ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ကား လေးစီးဖြင့် စစ်ကောင်စီ တပ်သား အင်အား ၅၀ ကျော် ကညုံကျွန်းကျေးရွာသို့ ရောက်ရှိလာပြီး ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာမှ လက်နက်များ တွေ့ရှိသွားခြင်း ဖြစ်သည်။ 

"ဒေသခံ ရွာသား ၁၅ ဦးထက် မနည်း ဖမ်းခံရတယ်။ နောက်ပြီး နေအိမ်တွေ ဝင်ရောက် ဖျက်ဆီးတယ်။ ငွေတွေလည်း လုယူသွားတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။ 

လက်နက် သိမ်းဆည်း ရမိခြင်းနှင့် ဆက်စပ်၍  အဆိုပါကျေးရွာနေ တောင်သူများနှင့် ဓနိလုပ်ငန်း လုပ်ကိုင်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးသည့်အပြင် ခြောက်လန့် ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

"ရွာသင်္ချိုင်းကုန်းမှာ လက်နက်တချို့ ရှာဖွေ သိမ်းဆည်းမိတယ် ကြားတယ်။ စစ်သားတွေလည်း အင်အားတွေ ထပ်ရောက်လာတယ်" ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required