အသံတိတ်သပိတ် အားလျော့အောင်ဖြန့်ချိသော သတင်းတုထွက်ပေါ်

အသံတိတ်သပိတ် အားလျော့အောင်ဖြန့်ချိသော သတင်းတုထွက်ပေါ်

ဒီဇင်ဘာ ၉

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှိုးဆော်ထားသည့် မနက်ဖြန် ( ဒီဇင်ဘာ ၁၀ ရက်) တွင် နိုင်ငံတဝှမ်း တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုပူးပေါင်းရန်နှိုးဆော်ထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ညွှန်ကြားထားခြင်းမရှိဟုဆိုသော အဆိုပြုစာတစ်ခု လူမှုကွန်ရက်တွင် ပေါ်ထွက်နေသည်။ သို့သော် အဆိုပါအဆိုပြုချက်မှာ သတင်းအမှားသာလျှင်ဖြစ်သည်။

NLD ၏ထုတ်ပြန်ချက်ဟုဆိုသောစာတွင် " Online ပေါ်တွင် ပျံံ့နှံ့လျှက်ရှိသည့် ၁၀-၁၂-၂၀၂၁ ရက်နေ့အား အသံတိတ်သပိတ် (SilentStrikeDay)အဖြစ် သတ်မှတ်ခြင်းအား မိမိတို့အဖွဲ့ချုပ်အနေဖြင့် ညွန်ကြားထားခြင်းမရှိပါ၊၁၀-၁၂-၂၀၂၁ သည် အစ္စလာမ်ဘာသာဝင်တို့​၏ ဝတ်ပြုဆုတောင်းသည့်နေ့ ( သောကြာနေ့ ) ဖြစ်သည်​။ အဆိုပါနေ့အား အသံတိတ်သပိတ်အဖြစ်သတ်မှတ်ခြင်းသည် အခြားဘာသာဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ပုံမှန်အတိုင်း သွားလာကြရန် တိုက်တွန်းပါသည်" ဟု ဖော်ပြထားသည်။

အဆိုပါ အဆိုပြုချက်ကို Telegram channel ရှိ သဇင်ဦး၊ တပ်ကြပ်ကြီး ဖိုးစီ၊ Kyaw Swar အကောင့်များတွင် တစ်ပြိုင်တည်းလိုလို ယနေ့နံနက်တွင် ရှေ့ဆင့်နောက်ဆင့်ဖြန့်ဝေလာခဲ့ကြသည်။ အဆိုပါအကောင့်များအားလုံးသည် အာဏာသိမ်းတပ်၏သတင်းများထုတ်ပြန်လေ့ရှိကြသည်။

သို့သော် NLD ပါတီ၏ တရားဝင် ဖေ့ဘွတ်စ်စာမျက်နှာတွင် ၎င်းအဆိုပြုချက်ကို ဖော်ပြထားခြင်း မရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရသည်။ 

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်ထွေးက “ကျွန်တော်တို့ ဗဟိုပါတီဝင်အများစုဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ အဲ့တော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနဲ့ဆိုပြီး ခေါင်းစဉ်တပ်ပြီး ထွက်လာတာက မှားပါတယ်၊ ကျွန်တော်တို့ ဗဟိုအဖွဲ့အနေနဲ့ ဒီစာထွက်လာတာကို မသိရှိပါဘူး၊ ”ဟု မဇ္ဈိမသို့ပြောပြသည်။ 

လုံခြုံရေးကြောင့်အမည်မဖော်လိုသူ NLD လူငယ်ပါတီဝင် တစ်ဦးကလည်း “ဘာမှညွှန်ကြားတာ မရှိပါဘူး၊ ကျွန်တော်တို့ ဗဟိုဘက်မှ ညွှန်ကြားထားတာလည်း မရှိဘူး၊ နောက်ပြီး ပါတီဝင်လူငယ် တော်တော်များများရော ပါတီထဲမှာ ရှိတဲ့ လူကြီးတော်တော်များများရော ဒီသပိတ်မှာ ပါဝင်ဖို့ ပြင်ဆင်နေကြပါတယ်” ဟုပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် (၇၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်သည်။

"  ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြည်သူလူထုတွေက အပြင်လုံး၀မထွက်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်နေခြင်းအားဖြင့် စစ်ကောင်စီကို တုန်လှုပ်ခြောက်ခြားအောင်လုပ်ဖို့ဖြစ်ပါတယ်" ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက DVB နှင့်အင်တာဗျူးတွင်ပြောကြားထားသည်။

" အသံတွေထဲမှာ တိတ်ဆိတ်တဲ့အသံက ကြောက်စရာအကောင်းဆုံးဖြစ်တယ်။ အထူးသဖြင့် ရာဇဝတ်မှုကျူးလွန်ထားပြီးတော့ ကိုယ့်အရိပ်တောင်ကိုယ်လန့်နေတဲ့သူအတွက် တိတ်ဆိတ်ငြိမ်သက်ခြင်းက အရမ်းကိုထူးခြားတဲ့အရာဖြစ်တယ်။" ဟု သူက ဆက်လက်ပြောသည်။ 

မန္တလေးသပိတ်အင်အားစုခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း လမ်းပေါ်မထွက် အိမ်ထဲတွင်နေထိုင်ခြင်းဖြင့်သပိတ်တွင်ပူးပေါင်းကြရန် တိုက်တွန်းထားသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ဒုတိယအကြိမ် မဲအပြတ်အသတ်အနိုင်ရခဲ့ပြန်သော NLD အစိုးရထံက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းသည်။ 

မတ်လကုန်တွင်  ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလအတွင်း ရွေးကောက်ခံများ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြားကာလညီညွတ်ရေးအစိုးရအဖြစ် NUG ကိုဖွဲ့စည်းခဲ့သည်။ အစိုးရ အဖွဲ့ တွင် ရွေးကောက်ခံကိုယ်စားလှယ်များအပြင် တိုင်းရင်းသား

အစုအဖွဲ့ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများမှထင်ရှားသူများလည်းပါဝင်သည်။ 

စစ်ကောင်စီက NUG ကို တရားမဝင်ကြောင်းကြေညာထားသည်။

အာဏာသိမ်း ၁၀ လအတွင်း စစ်ကောင်စီတပ်များကြောင့် သေဆုံးရသူ ၁၃၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၇၀၀၀ ကျော်ရှိနေပြီး သေဒဏ်ပေးခံထားရသူ ၇၅ ဦးရှိသည်ဟု မှတ်တမ်းပြုစုနေခဲ့သည့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required