အစိုးရကို ဖေ့ဘုတ်ပေါ်က ဝေဖန်သူကို သတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၂၀ သေဒဏ်ချမှတ်ခံရ

အစိုးရကို ဖေ့ဘုတ်ပေါ်က ဝေဖန်သူကို သတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၂၀ သေဒဏ်ချမှတ်ခံရ
Photo - AFP

ဒီဇင်ဘာ ၉

၂၀၁၉ ခုနှစ်မှာ လူမှုမီဒီယာကနေ အစိုးရကို ဝေဖန်တဲ့ လူငယ်အမျိုးသားတစ်ဦးကို သတ်ဖြတ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသား အယောက် ၂၀ ကို ဗုဒ္ဓဟူးနေ့မှာ သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပါတယ်။ 

အဲဒီအချိန်က အိန္ဒိယနဲ့ ရေခွဲဝေရယူမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးတာကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို အသက် ၂၁ နှစ်အရွယ် အက်ဘ်ရာ ဖာဟက်ဒ်ဆိုတဲ့ လူငယ်က ဖေ့ဘုတ်ပေါ် ရှုတ်ချရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရေးသားပြီး နာရီပိုင်းအကြာ သူ့နေထိုင်တဲ့ အဆောင်မှာ မြင်ရက်စရာ မရှိတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ 

အာဏာရ Awami Leaue ပါတီ ကျောင်းသားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်း ၂၅ ဦးဟာ ဖာဟက်ဒ်ကို ခရစ်ကက်တုတ်တစ်ချောင်းရယ် အခြား တုံးတဲ့အရာတွေနဲ့ ခြောက်နာရီကြာ ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

“အခု စီရင်ချက်ကို ကျေနပ်ပါတယ်”လို့ ဖာဟက်ဒ်ရဲ့ ဖခင် ဘာကက် အူလာ့ရှ်က စီရင်ချက်ချအပြီး တရားရုံးအပြင်ဖက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ “မကြာခင်မှာ ပြစ်ဒဏ်စီရင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ သူက ပြောပါတယ်။ 

ကျူးလွန်သူ ကျန် ငါးဦးကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။ 

အခု သေဒဏ် စီရင်ချက် ချခံရသူ အားလုံးဟာ လူသတ်မှု ကျူးလွန်ချိန်က အသက် ၂၀ နဲ့ ၂၂ ကြား ရှိကြသူတွေဖြစ်ပြီး ဖာဟက်ဒ်နဲ့အတူ အင်ဂျင်နီယာနဲ့ နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေကြသူတွေပဲ ဖြစ်ပါတယ်။ 

တရားခံတွေထဲက သုံးဦးဟာ လွဝ်မြောက်နေဆဲ ဖြစ်ပြီး ကျန်တဲ့သူတွေ အားလုံးကတော့ တရားရုံးကို ရောက်ရှိတာ ဖြစ်ပါတယ်။ 

ပြစ်ဒဏ်ကို အယူခံဝင်သွားမှာ ဖြစ်တယ်လို့ တရားခံအချို့ရဲ့ ရှေ့နေ ဖာရူ အာမက်က ပြောပါတယ်။ 

“စီရင်ချက်ကို ကျွန်တော်တော့ စိတ်ပျက်တယ်၊ မတရားဘူး”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

“သူတို့ဟာ လူငယ်တွေဖြစ်တယ်၊ ပြီးတော့ နိုင်ငံရဲ့ အတော်ဆုံး ကျောင်းသားတွေထဲမှာလည်း ပါဝင်သူတွေပဲ၊ အချို့ဟာဆိုရင် သက်သေမခိုင်လုံတဲ့ကြားကပဲ သေဒဏ် စီရင်ချက် ချခံရတာ ဖြစ်တယ်”ဆိုပြီး အာမက်က ပြောခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required