Silent Strike သပိတ်နေ့တွင် သရက်မြို့မဈေးဆိုင်ခန်းများ 'မဖွင့်မနေရ' ဟု စစ်ကောင်စီ ဖိအားပေးနေ

Silent Strike သပိတ်နေ့တွင် သရက်မြို့မဈေးဆိုင်ခန်းများ 'မဖွင့်မနေရ' ဟု စစ်ကောင်စီ ဖိအားပေးနေ
Photo - CJ

ဒီဇင်ဘာ ၉

မကွေးတိုင်း၊ သရက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်း ) သပိတ်နေ့တွင် စစ်ကောင်စီက သရက်မြို့မဈေးဆိုင်ခန်းများအားလုံး 'မဖွင့်မနေရ' ဟုဆိုကာ   ဖိအားပေး‌နေကြောင်း သရက်မြို့မ ဈေးသည်များက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီတွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌  စစ်ကောင်စီက ဈေးသည်များကို အစည်းအဝေး ခေါ်ယူဖိအားပေးခဲ့ခြင်းဖြစ်ပြီး မဖွင့်သောဈေးဆိုင်ခန်းများကို ပိတ်သိမ်းမည် ဟု ခြိမ်းခြောက်ကြောင်းဈေးသည်များက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအနေဖြင့် ပြုလုပ်မည့် “ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) နှင့် အနက်ရောင်ကမ်ပိန်း (Black Camping) သပိတ်” တို့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ 

“နက်ဖြန် ၁၀ နာရီကနေ ၄ နာရီထိ ဈေးမထွက်ဖို့ကို သူတို့လည်း သတင်းရတယ်။ ခင်ဗျားတို့ လူထုလည်း သတင်းရမှာပေါ့လို့ မေးတယ်။ အဲတော့ မနက်ဖြန် မထွက်မနေရ၊ မထွက်လို့ရှိရင် ဆိုင်ခန်းပိတ်သိမ်းမယ်။ ထွက်ပေးပါလို့ပြောတယ်” ဟုအစည်းအဝေးတက်ရောက်ခဲ့သော ဈေးသည်တစ်ဦးက ပြောပြသည်။ 

သရက်မြို့သည် ဝန်ထမ်းမြို့ဖြစ်သည့်အပြင် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မနက်ဖြန်တွင် ဆိုင်ဖွင့်မည့် ဈေးသည်များရှိသကဲ့သို့ ဆိုင်မဖွင့်မည့် ဈေးသည်များလည်းရှိနေကြောင်း ၎င်းကဆိုသည်။ 

ယင်းအပြင် စစ်ကောင်စီက ထိုးနှံပေးသည့် COVID -19 ကာကွယ်ဆေးများအား မထိုးရသေးသူများကို ဈေးထွက်ခွင့်မပြုကြောင်းနှင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း အာဏာသိမ်းစစ်ကောင်စီက ဈေးသည်များအပေါ်  ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

“COVID -19ဆေးမထိုးရသေးတဲ့ လူတွေရှိတယ်။ မထိုးလို့ရှိရင် အရေးယူမယ်။ ဒါမျိုးတွေ ပြောတယ်” ဟု နောက်ထပ်ဈေးသည်တစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက်ဘဲ နေအိမ်အတွင်းမှာသာ နေထိုင်ရမည်ဖြစ်ပြီး အင်္ကျီအနက်ရောင် ဝတ်ဆင်ခြင်းဖြင့် ကမ်ပိန်းတွင်ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး လက်ရှိအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ နည်းလမ်းမျိုးစုံဖြင့် ဆက်ရှိနေပြီး တစ်ဖက်မှာလည်း စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်တိုက်ပွဲများကိုအင်တိုက်အားတိုက် ဆင်နွှဲနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required