နျူကလီးယားလက်နက်များထုတ်လုပ်ခြင်းနှင့်အမှိုက်များစွန့်ပစ်မှုကြောင့် တိဗက်ကုန်းပြင်မြင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီး

နျူကလီးယားလက်နက်များထုတ်လုပ်ခြင်းနှင့်အမှိုက်များစွန့်ပစ်မှုကြောင့် တိဗက်ကုန်းပြင်မြင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီး

ကမ္ဘာကြီးပူနွေးလာမှု၊ နျူကလီးယားလက်နက်များထုတ်လုပ်ခြင်းနှင့် ဒေသတွင်းတွင် နျူကလီးယား စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းကြောင့် တိဗက်ဒေသမှ ရေခဲမြစ်များသည် ကျန်ကမ္ဘာ့နိုင်ငံများထက် ၃ ဆ ပိုမိုမြန်ဆန်စွာ အရည်ပျော်လျက်ရှိသည်။

ဒလိုင်းလားမားသည် ၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက်က ကျင်းပသော မျိုးဆက်သစ်များအတွက် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဖိုရမ်တွင်ကမ္ဘာတစ်ဝှမ်းတိုးပွားလာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းနှင့် တိဗက်အကြောင်း ဆွေးနွေးခဲ့ဖူးသည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရေးနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းအတွက် တိဗက်ကို အသုံးချနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဘုန်းတော်ကြီးက ဖော်ပြခဲ့သည်။ ထိုသို့သော လုပ်ရပ်များသည် တိဗက်ရှိ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။

ဒလိုင်းလားမားက “ကျွန်ုပ်တို့ကမ္ဘာမြေကို စောင့်ရှောက်ခြင်းဟာ ကျွန်ုပ်တို့နေအိမ်ကို စောင့်ရှောက်ခြင်းပါပဲ။ နောင်လာမယ့် မျိုးဆက်တွေကို ဂရုမစိုက်ဘဲနဲ့ သစ်ပင်တွေ၊ ရေ၊ လေ နဲ့ သတ္တုတွေလို ကမ္ဘာမြေရဲ့ အရင်းအမြစ်တွေကို အမြတ်ထုတ်အသုံးချလို့ မရတော့ပါဘူး။ ရာသီဥတု အကျပ်အတည်းနဲ့ ပတ်သက်ပြီး အစိုးရတွေရဲ့ လုပ်ဆောင်မှုပျက်ကွက်တဲ့အပေါ် လူငယ်တွေဆန္ဒပြတာကို ထောက်ခံပါတယ်” ဟု ပြောခဲ့ကြောင်း ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ တွေးခေါ်ပညာရှင်အဖွဲ့ International Forum for Rights and Security (IFFRAS) ကဖော်ပြသည်။

တိဗက်ကုန်းပြင်မြင့်သည် တိဗက်လူမျိုးများအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံး၏ သဘာဝပတ်ဝန်းကျင် ကျန်းမာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက်ပါ ကာကွယ်ရန် လိုအပ်သည်ဟုလည်း ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံ (COP26) အတွက် နိုင်ငံများနှင့် တွေ့ဆုံစဉ် တိဗက်၏ ဂေဟစနစ်နှင့်ကမ္ဘာလုံးဆိုင်ရာရာသီဥတုအကျပ်အတည်း၏ အခန်းကဏ္ဍကို ပိုမိုအာရုံစိုက်ရန် လည်း ဒလိုင်းလားမားက မေတ္တာရပ်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly