လှိုင်သာယာနှင့် တိုက်ကြီးတွင် စစ်ကောင်စီတပ်များကို PDF တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ ဟုဆို

လှိုင်သာယာနှင့် တိုက်ကြီးတွင် စစ်ကောင်စီတပ်များကို PDF တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ ဟုဆို

ဒီဇင်ဘာ ၈

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ် PDF များမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လှိုင်သာယာမြို့နယ် အောင်ဇေယျကြိုးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဘန်ကာအား ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် မနက် ၇ နာရီ ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦး ရန်သူစစ်သားအချို့ သေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက် စံပြ (၂) လမ်းရှိ Mytel တာဝါတိုင် control box နှစ်လုံးကို ဒီဇင်ဘာလ ၇ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အဆိုပါဖြစ်စဉ် ဖြစ်ပွားရာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်များအား ဆက်လက်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးခန့် သေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဥတိုလမ်းမ မိုးကုလားကျေးရွာ အနီးတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ပျူစောထီး ပူးပေါင်း လှည့်ကင်း ယာဉ်တန်းအား ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ရှေ့ထွက်မိုင်း၊ ခွဲမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့သေဆုံးခဲ့သည်ဟု ဆိုသည်။

"စစ်ကောင်စီကို စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရတာ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီး ရှိပါတယ်၊ လက်နက်ခဲယမ်းကစပြီး ရဲဘော်တွေ လုံခြုံရေးအတွက် နေရာထိုင်ခင်းတွေ အပါအဝင်ပေါ့။ မပြည့်စုံမှုတွေကြားက မငြီးမငြူနဲ့ သက်စွန့်ကြိုးပမ်း တော်လှန်နေကြတဲ့ ရဲဘော်တွေ အားလုံးနဲ့ နည်းလမ်းမျိုးစုံသုံးပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူတွေ ရှိနေသရွေ့ ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက် အရှိန်မြှင့်တင် နေနိုင်ဦးမှာပါပဲ။ စစ်ကောင်စီရဲ့ တုံ့ပြန်မှုအတွက်တော့ ထူးပြီး စိတ်မပူနေတော့ပါဘူး။ ပြည်သူတွေကို ရမ်းသမ်းပစ်ခတ် ဖမ်းဆီးနှိပ်စက်တာတွေ ဆက်လုပ်လာမှာ စိုးရိမ်ပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်း မရှိတဲ့ အနေအထားမို့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေရဦးမှာပါပဲ။ ဒီလမ်းက ကျွန်တော်တို့ ရွေးချယ်တာ မဟုတ်ပါဘူး။ အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေကို လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းပေါ် အတင်းတွန်းပို့ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ဂုံးတံတားအောက်ရှိ CCTV Control Box အား ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီခွဲတွင် အဝေးထိန်းမိုင်း ၃ လုံး ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ယင်းသည် လှိုင်သာယာမြို့နယ် တစ်ခုလုံးရှိ CCTV ကင်မရာများမှ ရယူထားသည့် မှတ်တမ်းအချက်အလက်များကို စစ်ကောင်စီတိုင်းရုံးနှင့် လှိုင်သာယာ ၅ ထိပ် ရဲစခန်းများသို့ အဓိက ဆက်သွယ်ပေးပို့နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် ပြည်သူ့တော်လှန်ရေးကို ပုံသဏ္ဍာန်မျိုးစုံဖြင့် သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေကြသည့် ပြည်သူ့ တော်လှန်ရေး အင်အားစု အသီးသီးအား ကြိုဆိုပါကြောင်းနှင့် ပြည်သူတစ်ရပ်လုံး အနေဖြင့် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ပူးပေါင်းပေးကြရန်လည်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required