ဘူရွန်ဒီက အကျဉ်းထောင်မှာ မီးလောင်ပြီး လူ ၃၈ ဦး သေဆုံး

ဘူရွန်ဒီက အကျဉ်းထောင်မှာ မီးလောင်ပြီး လူ ၃၈ ဦး သေဆုံး
Photo - AFP

ဒီဇင်ဘာ ၈

ဘူရွန်ဒီနိုင်ငံမှာ အင်္ဂါနေ့ အရုဏ်မတက်ခင် အချိန်က လူပြည့်ကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်တာကြောင့် အကျဉ်းသား ဒါဇင်များစွာ သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူတွေလည်း များစွာရှိတယ်လို့ နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်သူက ပြောပါတယ်။ 

နိုင်ငံရေးမြို့တော် ဂီတေးဂါက အကျဉ်းထောင်မှာ အကျဉ်းသားတွေ အိပ်နေကြချိန်မှာ မီးလောင်မှုဖြစ်တာလို့ မျက်မြင်တွေက ပြောကြပါတယ်။ အဆောက်အအုံ တော်တော်များများလည်း မီးအတွင်း ပျက်စီးခဲ့ရပါတယ်။ 

စိတ်မကောင်းစဖွယ် မီးဘေးကျရောက်ခဲ့ရာ အကျဉ်းထောင်ဆီ ဝန်ကြီးတွေနဲ့အတူ လာရောက်ခဲ့တဲ့ ဒုတိယသမ္မတ ပရိုစပါ ဘာဇွမ်ဘန်ဇာက သေဆုံးသူ ၃၈ ဦးနဲ့ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆၉ ဦးရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

နံနက် ၄ နာရီခန့်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပြီး အကျဉ်းထောင်ကို ဝါးမြိုတဲ့ မီးတောက်မီးလျှံတွေကို လူမှုမီဒီယာမှာ ဓာတ်ပုံတွေ မြင်တွေ့ရပါတယ်။ ကြမ်းပြင်ပေါ်မှာ အမျိုးသားရုပ်အလောင်းတွေ ချထားတာကိုလည်း တွေ့မြင်ရပါတယ်။ 

“ကျွန်တော်တို့တွေ အရှင်လတ်လတ် မီးလောင်ရတော့မယ်လို့ စတင် ဝိုင်းအော်ကြပါတယ်၊ မီးတောက်တွေက တအား အားကောင်းနေပြီ၊ ဒါပေမဲ့ ရဲတွေက အဆောင်တံခါးတွေ ဖွင့်မပေးဘဲ ထားထားတယ်၊ အထဲမှာပဲ နေဖို့ အမိန့်ပေးခံရတယ်”လို့ အေအက်ဖ်ပီက ဖုန်းဆက်သွယ်နိုင်ခဲ့တဲ့ အကျဉ်းသားတစ်ဦးက ပြောပါတယ်။ 

“ကျွန်တော် ဘယ်လို လွတ်လာခဲ့သလဲဆိုတာ ကျွန်တော်ကိုယ်တိုင် မသိတော့ဘူး၊ ဒီမှာ လုံးလုံး မီးလောင်ကျွမ်းတဲ့ အကျဉ်းသားတွေလည်း ရှိနေတယ်”ဆိုပြီး သူက ဆိုပါတယ်။ 

ရာစုဝက်လောက် သက်တမ်းရှိတဲ့ အခု အကျဉ်းထောင်မှာ ဝါယာရှော့ခ်ကနေ မီးလောင်ကျွမ်းတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တွစ်တာကနေ ထုတ်ပြန်ပါတယ်။ 

အရေးပေါ်ဌာနတွေဟာ မီးလောင်ရာဆီ နောက်ကျပြီးမှာ ရောက်လာပြီး မီးစတင် လောင်လို့ နှစ်နာရီကျော် ကြာမှ မီးသတ်ကားတွေ ရောက်ရှိတယ်လို့ ရဲသတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။ 

ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံဆီ တင်ပို့ထားပြီး ဒဏ်ရာမပြင်းထန်သူတွေကိုတော့ နေရာမှာတင် ကုသပေးတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ 

မီးကို နောက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း ၁၉၂၆ ခုနှစ်က တည်ဆောက်ထားတဲ့ ဒီ အကျဉ်းထောင်ရဲ့ နေရာတော်တော်များများ မီးလောင်ပျက်စီးခဲ့ရပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required