အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းများအပေါ် စိုးရိမ်ပူပန်ဟု အမေရိကန် ထုတ်ဖော်

By Latestly
08 December 2021
အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းများအပေါ် စိုးရိမ်ပူပန်ဟု အမေရိကန် ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည် ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး အထူးပင် စိုးရိမ်ပူပန်ကြောင်း အမေရိကန်က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အာဖဂန်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အမေရိကန်က တာလီဘန်တို့ကို တောင်းဆိုခဲ့သည်။

အာဖဂန်နစ္စတန် အခြေအနေနှင့်ပတ်သက်ပြီး အာဖဂန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သောမတ်စ် ဝက်စ် ဦးဆောင်ပြီး ဌာနစုံမှ ကိုယ်စားလှယ်များပါဝင်သည့် စီနီယာကိုယ်စားလှယ် အဖွဲ့တစ်ခုက ဒိုဟာတွင် တာလီဘန်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ အမေရိကန်၏ ထုတ်ဖော်မှု ထွက်ရှိလာခြင်းဖြစ်သည်။

"အာဖဂန်နစ္စတန်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ ပြောဆိုချက်များထွက်ပေါ်နေတာနဲ့ပတ်သက်လို့ အမေရိကန်တာဝန်ရှိသူတွေဘက်က အင်မတန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်လိုပါတယ်၊ နောက်ပြီးတော့ အာဖဂန်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ

လုပ်ဆောင်ဖို့ တာလီဘန်တို့ကို အမေရိကန်ဘက်က တောင်းဆိုပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောသည်။

ထို့ပြင် တာလီဘန်တို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ယင်း၏ မူဝါဒကို ထိန်းသိမ်းအာဏာတည်စေရေးအတွက် လုပ်ဆောင်ရန်နှင့် အားလုံးကိုယ်စားပြုပါဝင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းရန် နောက်ထပ် လုပ်ဆောင်ချက်များ လုပ်ဆောင်ရေးအတွက် အမေရိကန်က တိုက်တွန်းခဲ့သည်။

ဝါရှင်တန်မှ ပေးအပ်သည့် လူသားချင်းစာနာမှု အထောက်အပံ့များကို အာဖဂန်ပြည်သူများ လက်ခံရရှိနိုင်စွမ်းကို တာလီဘန်တို့အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်မှုများကြောင့် အကန့်အသတ်ဖြစ်စေမှု မရှိစေရေးအတွက် လုပ်ဆောင်ရန် အမေရိကန်ဘက်က ဆက်လက် ဆုံးဖြတ်ထားကြောင်း ဆွေးနွေးမှုအတွင်း ပရိုက်စ်က ပြောခဲ့သည်။

"အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုူတွေကြောင့် အမေရိကန်အစိုးရဆီက လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေကို အာဖဂန်ပြည်သူတွေ လက်ခံရရှိနိုင်စွမ်းအပေါ် ပိတ်ပင်ကန့်သတ်မှု မဖြစ်စေဖို့အတွက် အမေရိကန်ဘက်က ဆက်လက် ကတိပြုဆုံးဖြတ်ထားပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

"အာဖဂန်နစ္စတန်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်စီးဝင်စေမှုအတွက် ထောက်ကူဖို့၊ အခြေခံ လူသားလိုအပ်ချက်တွေကို ထောက်ပံ့မယ့် အခြားလုပ်ဆောင်ချက်တွေကို ပံ့ပိုးဖို့အတွက် အထွေထွေလိုင်စင်တွေကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပေးထားပါတယ်" ဟု ပရိုက်စ်က ပြောသည်။

တာလီဘန်တို့နှင့် ဆွေးနွေးခဲ့သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီနှင့် ထောက်လှမ်းရေးအသိုင်းအဝိုင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly