ရှမ်းယူနိုက်တက်အသင်း သြစတြေးလျနှင့် အရှေ့တီမော ကစားသမားအချို့ ခြေစွမ်းစမ်းသပ်လျက်ရှိ

ရှမ်းယူနိုက်တက်အသင်း သြစတြေးလျနှင့် အရှေ့တီမော ကစားသမားအချို့ ခြေစွမ်းစမ်းသပ်လျက်ရှိ
ရှမ်းယူနိုက်တက်အသင်းမှ နိို်င်ငံခြားသားကစားသမားသစ်များ လေ့ကျင့်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ရှမ်းယူနိုက်တက်)

ဒီဇင်ဘာ ၂၊ ရန်ကုန်။              ။၂၀၁၆ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုပြုလုပ်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် အာရှကစားသမားနေရာအတွက် သြစတြေးလျနှင့် အရှေ့တီမော ကစားသမားအချို့အား ခြေစွမ်းခေါ်ယူစမ်းသပ်လျက်ရှိသည် ဟု အသင်း မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် နိုင်ငံခြားသားကစားသမားသစ် သုံးဦးအဖြစ် အင်္ဂလန်နောက်ခံလူ ပက်ထရစ်၊ ဘရာဇီးကွင်းလယ်လူ ဂတ်စတာဗိုနှင့် ဂီနီကွင်းလယ်လူ အလီကာမာရာ တို့ကို ခေါ်ယူထားပြီး ၃+၁ စည်းမျဉ်းအရ အာရှကစားသမားတစ်ဦး ထပ်မံခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

“ အာရှသားတစ်ဦး ထပ်ခေါ်ဖို့ စမ်းနေတုန်းပါပဲ။ ချင်းနဲ့ခြေစမ်းပွဲတုန်းက တစ်ယောက်ထည့်ကစားပေမယ့် သိပ်တော့အားမရဘူးလို့ နည်းပြအဖွဲ့က ပြောပါတယ်။ အဲဒီ့ကြောင့်   နောက်ထပ် ကစားသမားတွေ ထပ်စမ်းဖို့ စီစဉ်နေတာပါ။ သြစတြေးလျနှင့် အရှေ့တီမောက ကစားသမားအချို့ လာစမ်းဖို့ ရှိသေးတယ်။ ဒီရက်ပိုင်းအတွင်းတော့ ခေါ်ဖို့ အမြန်ဆုံးဖြတ်သွားမှာပါ။ အသင်းကတော့ လာမယ့် ၄၊၅ ရက်မှာ တောင်ကြီးကွင်းကို သွားဖို့ စီစဉ်ထားပါတယ် ” ဟု ကိုအောင်ပိုင်မှ ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိပြီး ရခိုင်အသင်းကို ၆-၀ ၊ မကွေးကို ၂-၀ ၊ ဇွဲကပင်ကို ၃-၀ ၊ ချင်းကို ၁-၀ ဖြင့် အသီးသီးအနိုင်ရခဲ့ပြီး မနောမြေအသင်းကို ၁-၁ ဖြင့် သရေကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly