တရုတ်နိုင်ငံမှ ချေးငွေဖြင့် တည်ဆောက်ထားသည့် လာအို-တရုတ် ရထားစတင်ပြေးဆွဲ

တရုတ်နိုင်ငံမှ ချေးငွေဖြင့် တည်ဆောက်ထားသည့် လာအို-တရုတ် ရထားစတင်ပြေးဆွဲ

တရုတ်က တည်ဆောက်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ကုန်ကျသည့် ရထားလမ်းကို လာအိုနိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်က စတင်ဖွင့်လှစ်လိုက်သည်။

နိုင်ငံသမိုင်းတွင် အကြီးဆုံးဖြစ်သော အဆိုပါ နိုင်ငံပိုင် စီမံကိန်းကြီးကြောင့် အရှေ့တောင်အာရှတိုက်မှ အဆင်းရဲဆုံးဖြစ်သည့် လာအိုနိုင်ငံအနေဖြင့် ငွေကြေးပြဿနာ သို့မဟုတ် တရုတ်အစိုးရက နိုင်ငံရေးအရ အကျပ်ကိုင်မှု ဖြစ်လာမည်ကို လေ့လာသုံးသပ်သူများက သတိပေးထားကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နှင့် နယ်စပ်အနီးရှိ ဘိုတန်မြို့မှ လာအိုနို်ငငံ မြို့တော် ဗီယန်ကျင်းတို့အကြား ပြေးဆွဲသည့် ၄၁၄ ကီလိုမီတာ အရှည်ရှိသည့် အဆိုပါ ရထားလမ်းကို တရုတ်သမ္မတရှီကျင့်ဖျင်၏ အထင်ကရ အခြေခံအဆောက်အအုံအစီအစဉ်တစ်ခုဖြစ်သော ပိုးလမ်းမရပ်ဝန်း (BRI) ၏ အစီအစဉ်အောက်တွင် ထည့်သွင်း တည်ဆောက်ခြင်း ဖြစ်သည်။

ရထားလမ်းကို တရုတ်၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ခြင်းဖြစ်သောကြောင့် သီရိလင်္ကာနိုင်ငံမှ ဟမ်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ ဖြစ်မည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။ အဆိုပါ ဆိပ်ကမ်းကို တရုတ်အစိုးရ၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ခဲ့ကာ သီရိလင်္ကာအစိုးရက ကြွေးမြီမဆပ်နိုင်သည့်အခါ ဆိပ်ကမ်းကို တရုတ်သို့ ငှားရမ်းခဲ့ရသည်။

လာအိုအနေဖြင့် ယခုရထားလမ်းစီမံကိန်းတွင်လည်း အကြွေး ပြန်လည်ပေးဆပ်ရန်အခြေအနေအပေါ် ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

“အဓိက စိုးရိမ်တဲ့အချက်က သူတို့ အကြွေးကို ဘယ်လိုပြန်ဆပ်မလဲ ဆိုတာပါပဲ” ဟု ထိုင်းနိုင်ငံ စီးပွားရေး ကျောင်းမှ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ပါမောက္ခ ရုသ်ဘာနိုမီရွန်၏ ပြောကြားချက်ကို ကိုးကား၍ Financial Time က ရေးသားခဲ့သည်။

အဆိုပါ အမြန်ရထားလမ်းသည် စီးပွားရေးအရ တွက်ခြေကိုက်နိုင်ခြင်း ရှိ၊မရှိကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်ဟုလည်း ရုသ်က ပြောကြားသည်။

ရထားလမ်းတည်ဆောက်မှု ကုန်ကျစရိတ်သည် လာအိုနိုင်ငံ ဂျီဒီပီ၏ ၃ ပုံ ၁ ပုံ နီးပါးဖြစ်ပြီး လာအိုနိုင်ငံ၏ ရထားတည်ဆောက်ပြေးဆွဲရေး အထူးကုမ္ပဏီဖြစ်သည့် လာအို-တရုတ်ရထားလမ်းကုမ္ပဏီ (LCRC) က China Eximbank က အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၄ ဘီလျံကို ချေးယူခဲ့ကြောင်း Financial Time သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly