သာကေတတွင် သံပုံးတီးသည့် ဖခင်ဖြစ်သူနှင့် ကလေး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

သာကေတတွင် သံပုံးတီးသည့် ဖခင်ဖြစ်သူနှင့် ကလေး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား

ဒီဇင်ဘာ ၇

ရန်ကုန်၊ သာကေတမြို့နယ် ထူပါရုံ (၂) လမ်း အနောက်ရပ်ကွက်က နေအိမ်တွင် သံပုံးတီးသည့် ဖခင်နှင့် ကလေးနှစ်ဦး အပါအဝင် မိသားစု သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် လက်ရှိအချိန်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က အဆိုပါလမ်းအတွင်းသို့ စစ်ကောင်စီတပ်များ စစ်‌ကား နှစ်စီးဖြင့် ဝင်ရောက်ကာ ခြောက်နှစ်အရွယ် ကလေးငယ် ယောက်ျားလေးတစ်ဦး၊ ဆယ်နှစ်ခန့်အရွယ် ကလေးငယ် မိန်းကလေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"တီးတာလူညီတယ်၊ ဒါပေမယ့် ဒလန်သတင်းပေးလို့ ချက်ချင်းရောက်လာတာ။ သူတို့က သာကေတ မီတာရုံးမှာ စခန်းရှိတာမို့ ရောက်လာတာ အရမ်းမြန်တယ်၊ ၈ နာရီ ၁၀ မိနစ်မှာ သံပုံးတီးရပ်ပေမယ့် အဲ့ဒီအိမ်က ‌မှန်ခန်းဖြစ်နေလို့ မကြားမိတာထင်တယ်။ ဆက်တီးနေတော့ သားဖြစ်သူ ၆ နှစ်အရွယ် ယောကျ်ားလေးရယ်၊
အဖေဖြစ်သူရယ်၊ သမီးဖြစ်သူရယ်ကို ဖမ်းသွားတာ" ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် လူငယ်သပိတ်စစ်ကြောင်းအား ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကားဖြင့် တိုက်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးသည့် ညပိုင်းမှစတင်ကာ ရန်ကုန်ရှိ မြို့နယ်အများစုတွင် တကျော့ပြန် သံပုံးတီး၍ စစ်အာဏာရှင် ဆန့်ကျင်ခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ယမန်နေ့ ဒုတိယမြောက်နေ့တွင် သံပုံးတီးသူ ပိုများလာသည့်အပြင် သံပုံးတီးသည့် ရပ်ကွက်၊ လမ်းအချို့ကို စစ်ကောင်စီတပ်များမှ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required