အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာ 

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦးအထိ ရှိလာ 
Photo - AFP

ဒီဇင်ဘာ ၇

အင်ဒိုနီးရှားနိုင်ငံက မောင့် ဆီမီရူ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ အင်္ဂါနေ့မှာ ၃၄ ဦးအထိ မြင့်တက်ရောက်ရှိကြောင်း အမျိုးသား သဘာဝဘေး အေဂျင်စီက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှု ဘေးကြုံတွေ့နေရာ ဒေသဆီ အကူအညီတွေ အားချင်းပေးပို့နေချိန်လည်း ဖြစ်ပါတယ်။ 

ဂျာဗာကျွန်းပေါ်က အဆိုပါ မီးတောင်ဟာ စနေနေ့က အသက်ဝင် ဆူပွက်လာခဲ့ပြီး မီးတောင်ပြာမှုန်တွေ ကောင်းကင်အမြင့်ထက် လွှင့်ထုတ်နေခဲ့ကာ ကျေးရွာတွေဆီလည်း ရွှံ့ရည်ပူတွေ စီးဆင်းလာစေတဲ့အတွက် ထိတ်လန့်တကြားနဲ့ ဒေသခံ ထောင်ပေါင်းများစွာဟာ နေအိမ်တွေ စွန့်ခွာထွက်ပြေးကြရတာ ဖြစ်ပါတယ်။ 

အခု မီးတောင် သဘာဝဘေးအတွင်းမှာ နေအိမ်တွေနဲ့ ကားတွေကို ဝါးမြိုခဲ့သလို ကျေးရွာတွေကိုလည်း ပြာတွေ ဖုံးလွှမ်းပစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်ဖို့အရေး စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေပါတယ်။ 

“ကျွန်တော် စိုးရိမ်ပူပန်စိတ်နဲ့ စိတ်သောက ရောက်ရပါတယ်၊ ရွာပြန်မလားဆိုလို့ ဆွေမျိုးသားချင်းတွေကို မေးတော့လည်း သူတို့က ရွာပြန်တာထက် သစ်ပင်အောင်မှာ အိပ်တာက ပိုကောင်းတယ်ဆိုပြီး ပြောကြတယ်”ဆိုပြီး အသက် ၃၀ အရွယ် ဒေသခံတစ်ဦးဖြစ်တဲ့ မာဇူကီ ဆူဂန်ဒါက ပြောပါတယ်။ 

“မီးတောင် ထပေါက်ကွဲချိန်မှာ ကျွန်တော် အမှန်တွေးမိတာကတော့ ကိုယ့်ကိုကို သေလူလို့ပဲ မှတ်လိုက်တော့တာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

လူအသေအဆုံးများတဲ့ စနေ၊ တနင်္ဂနွေက မီးတောင်ပေါက်ကွဲမှု အန္တရာယ်ရှိတဲ့ အခြေအနေကြားကပဲ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေသလို မီးတောင် အပျက်အစီးတွေကြား ရုပ်အလောင်းတွေကို ဆွဲထုတ်ယူနေကြရပါတယ်။  

ကယ်ဆယ်ရေး လုပ်ငန်းမှာ အကူအညီဖြစ်အောင် အင်္ဂါနေ့မှာတော့ ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ အနံ့ခံခွေးတွေပါ သုံးပြီး ရှာဖွေကယ်ဆယ်ရေးကို ဆောင်ရွက်ကြပါတယ်။ 

“မြေပြင်မှာ နောက်ဆုံး သတင်းအရ သေဆုံးသူ ၃၄ ဦး ရှိပြီး ၁၇ ဦး ပျောက်ဆုံးနေပါတယ်”လို့ သဘာဝဘေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အက်ဒူ မူဟာရီက အေအက်ဖ်ပီကို ပြောပါတယ်။ 

မီးတောင်သဘာဝဘေးကြုံရာ ဒေသက ပြည်သူ ၃၇၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း သူက ထပ်လောင်းပြောခဲ့ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required