ဖမ်းဆီးသွားသည့် ထမင်းဆိုင်ရှင်အလောင်းလာယူရန် စစ်ကောင်စီအကြောင်းကြား

ဖမ်းဆီးသွားသည့် ထမင်းဆိုင်ရှင်အလောင်းလာယူရန် စစ်ကောင်စီအကြောင်းကြား
Photo - သတင်းနှင့် မီဒီယာ ကွန်ရက်

 ဒီဇင်ဘာလ ၇ 

မြိတ်မြို့တွင် ဖမ်းဆီးသွားသည့် ထမင်းရောင်းသူ၏ အလောင်းလာယူရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိသားစုထံ အကြောင်းကြားလာကြောင်း အိမ်နီးချင်းများက ပြောသည်။ 

မြိတ်မြို့၊ နောက်လယ်ရပ်ကွက် ၁ လမ်းတွင် ထမင်းဆိုင်ရောင်းချနေသူ တစ်ဦးကို PDF များအား ထောက်ပံ့သူ ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်ဆီးသွားခဲ့ပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၇ ရက်တွင် အလောင်းလာကြည့်ရန် မိသားစုထံ အကြောင်းကြားလာသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဦးပြည့်စုံဦး(ခ)တီးတီ ကို PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

နောက်လယ်ရပ်ကွက်နေ ဦးပြည့်စုံဦး မိသားစုနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက “လာဖမ်းတဲ့အထဲမှာ အရပ်ဝတ်နဲ့ စရဖတွေပါတယ်” ဟု ပြောသည်။

ဦးပြည့်စုံဦးကို ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီကျော်ဝန်းကျင် အချိန်ခန့်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် အလောင်းလာကြည့်ရန် အကြောင်းကြားလာခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးပြည့်စုံဦးသည် လေဖြတ်နေသည့် မိဘ နှစ်ဦးကို လုပ်ကျွေးနေသူဖြစ်ပြီး လူမမယ်အရွယ် ကလေးနှစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု နောက်လယ်ရပ်ကွက်တွင် နေထိုင်သူများ က ပြောသည်။

ဖမ်းဆီးခဲ့ပြီးနောက် သုံးရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင်  ဦးပြည့်စုံဦး၏ အလောင်းကို ကလွင်သုသာန်တွင် လာရောက်ကြည့်ရှုရန် စစ်ကောင်စီတပ်ဖွဲ့က မိသားစုအား အကြောင်းကြားခဲ့သည်။

ထိုသို့ အကြောင်းကြားခဲ့ရာတွင် မည့်အကြောင်းရင်းဖြင့် သေဆုံးသွားသည်ကို ဖေါ်ပြခြင်းမရှိဘဲ ရုပ်အလောင်းကို လည်း ဓါတ်ပုံမရိုက်ရန် နှင့် လူမှုကွန်ယက်စာမျက်နှာပေါ် မတင်ရန်လည်း ခြိမ်းခြောက်ခံထားရသည်ဟု ဆွေမျိုး နီးစပ်သူ က ပြောသည်။

မြိတ်မြိုတွင် ယခုကဲ့သို့ နေ့စဉ်နီးပါး နေ့ပိုင်းရော ညပိုင်းများတွင်ပါ ဖမ်းဆီးမှုများ များပြားလျက်ရှိနေပြီး အလောင်းလာ ရောက်ထုတ်ယူခိုင်းသည့် အခြားသောဖြစ်ရပ်အချို့လည်း ရှိနေသည်ဟု မြို့ခံများ၏ ပြောပြချက် များအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required