တိုက်စစ်မှူးများကို အသင်းမှထွက်ခွာစေခဲ့မှု မှားယွင်းခဲ့ဟု ဗန်ဟားလ်ဝန်ခံ

တိုက်စစ်မှူးများကို အသင်းမှထွက်ခွာစေခဲ့မှု မှားယွင်းခဲ့ဟု ဗန်ဟားလ်ဝန်ခံ

ဇန်နဝါရီ ၂၊ မန်ချက်စတာ ။             ။ နွေရာသီအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူးစစ်စစ်များကို အသင်းမှထွက်ခွာစေခဲ့မှုမှာ မှားယွင်းခဲ့သည်ဟု မန်ယူနည်းပြလူးဝစ်ဗန်ဟားလ်က ပြောသည်။

ပြီးခဲ့သည့်နွေရာသီတွင် တိုက်စစ်မှူးများဖြစ်သည့် ဗန်ပါစီ၊ ဖယ်လ်ကာအိုနှင့် ဟာနန်ဒက်ဇ်တို့ကို နည်းပြဗန်ဟားလ်က အသင်းမှထုတ်လိုက်ပြီး နောက် မန်ယူအသင်းမှာလက်ရှိရာသီတွင် ဂိုးရရန်ရုန်းကန်နေရသည်။

လူငယ်တိုက်စစ်မှူး ဂျိမ်းစ်ဝီလ်ဆင်ကိုလည်းအငှားဖြင့်ထွက်ခွာခွင့်ပြုခဲ့၍ တိုက်စစ်တွင် ရွန်နီနှင့် မာရှယ်တို့နှစ်ဦးသာ တိုက်စစ်မှူးစစ်များအဖြစ် ရှိနေသည်။

မန်ယူအသင်းသည် စနေနေ့တွင်ဆွမ်ဆီးနှင့်ရင်မဆိုင်မီ ပြိုင်ပွဲစုံနောက်ဆုံး ၁၄ ပွဲ၌ ၁၀ ဂိုးသာသွင်းထားနိုင်ခဲ့သည်။ အိုးထရက်ဖို့ဒ်အိမ်ကွင်း နောက်ဆုံး ရှစ်ပွဲတွင်လည်း ငါးပွဲမှာ ဂိုးမရှိသရေကျခဲ့သည်။

"ပြိုင်ဆိုင်မှုဆိုတဲ့အပေါ်မှာ ကျွန်တော်အများကြီး မယုံကြည်ပါဘူး။ စိတ်ချရမှုနဲ့ ယုံကြည်သက်ဝင်မှုဆိုတာပဲရှိပါတယ်။ အဲဒါကမှားကောင်း မှားနေလိမ့်ပေမယ့် ကျွန်တော့်နည်းပြဘဝတစ်လျှောက်လုံး လုပ်လာခဲ့တာပါ။ ကစားသမားတွေကို ယုံကြည်ခဲ့တာပါ။

တိုက်စစ်မှူးအားလုံးကိုထားလိုက်ရင် ခုံတန်းမှာတိုက်စစ်မှူးတွေအများကြီး ဖြစ်နေလိမ့်မယ်။ အဲဒီအခါသူတို့မပျော်တော့ဘဲ အသင်းကနေ ထွက်ချင်လာလိမ့်မယ်။ ဟာနန်ဒက်ဇ်က ဥပမာပဲ။ သူက ကစားချင်တယ်။ ဒါပေမဲ့သူအမြဲမကစားနိုင်ဘူးလို့ ကျွန်တော်က ယူဆတယ်။

တစ်နေရာတည်းမှာ အရည်အသွေးမြင့်တိုက်စစ်မှူးတွေအများကြီးရှိနေတာ ဖိအားအများကြီးဖြစ်စေတယ်။ ဒါပေမဲ့ အခုကျွန်တော့်မှာ ရွေးစရာလည်းမရှိပြန်ဘူး။ အခုတော့ကစားသမားတွေကို အဲဒီနေရာမှာကစားဖို့ကိုပဲ ကျွန်တော်ယုံကြည်အားထားနေရတယ်။

အဲဒါကို မှားတယ်လို့ ခင်ဗျားပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကိုဒီထပ်ပိုပြီးလည်း ခင်ဗျားမပြောင်းနိုင်ဘူး။ ခင်ဗျားမှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ အကျိုးရှိတဲ့ဘက်ကိုတော့ ခင်ဗျားမြင်နိုင်မှာ မဟုတ်ဘူး"ဟု ဗန်ဟားလ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly