အာဖဂန်နစ္စတန်၌ သံရုံးပြန်ဖွင့်ရန် နည်းလမ်းများကို အိန္ဒိယစဉ်းစားနေ

အာဖဂန်နစ္စတန်၌ သံရုံးပြန်ဖွင့်ရန် နည်းလမ်းများကို အိန္ဒိယစဉ်းစားနေ

အာရပ်စော်ဘွားများနိုင်ငံ၊ ဂျာမနီ၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့က အာဖဂန်နစ္စတန်နိုင်ငံရှိ ၎င်းတို့သံရုံးဝန်ထမ်းများ အား ပြန်လည်ထားရှိနိုင်မည့် ဖြစ်နိုင်ခြေကို စတင်ဆွေးနွေးနေသလို အိန္ဒိယအစိုးရကလည်း အလားတူ လုပ်ဆောင်ရန် စဉ်းစားလျက်ရှိသည်။

မြို့တော်ကဘူးလ်တွင် သံရုံးဖွင့်ပြီးဖြစ်သည့် နိုင်ငံများမှာ ရုရှား၊ တရုတ်၊ အီရန်၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ တာမင်နစ္စတန်တို့ ဖြစ်ပြီး ယူအေအီးလည်း နိုဝင်ဘာလတွင် သံရုံးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရက ကဘူးလ်မြို့ရှိ ကာတာနိုင်ငံဆိုင်ရာ သံရုံးတွင် သံတမန်ရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးထားသည်။

တာလီဘန်တို့က မြို့တော်ကဘူးလ်ကို ဩဂုတ် ၁၅ ရက်တွင် ထိန်းချုပ်ပြီး ၂ ရက်အတွင်း အိန္ဒိယက သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့ပြီးချိန်မှစ၍ သံရုံးကို ပိတ်ထားခဲ့သော်လည်း သံရုံးတည်ရှိရာနေရာသည် အစိမ်းရောင်ဇုန်အတွင်းရှိနေသောကြောင့် တာလီဘန်တို့က လုံခြုံရေးပေးထားသဖြင့် ထိခိုက်ပျက်စီးမှု မရှိပေ။

အိန္ဒိယအစိုးရက စဉ်းစားသည့်အချက်များတွင် ဝန်ထမ်းအဖွဲ့အား ပိုမိုလုံခြုံမှုရှိသော ကုလသမဂ္ဂ ရုံးဝင်းအတွင်းထားရှိရေး၊ ဒေသခံအာဖဂန်ဝန်ထမ်းများကို ထားရှိရေး၊ သံရုံးတွင် သံတမန်အနည်းငယ်နှင့် သံရုံးလုံခြုံရေးဝန်ထမ်းများကို ထားရှိရေးတို့ ပါဝင်သည်။

ယခင်က သံရုံးတိုက်ခိုက်ခံရဖူးသည့် ဖြစ်စဉ်ရှိခဲ့သောကြောင့် ဝန်ထမ်းများကို ပြန်ထားမည့် အစီအစဉ်အား အထူးဂရုပြုရန် အာဖဂန်နို်ငငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း အာမာဆင်ဟာက အကြံပေးထားသည်။ အိန္ဒိယအစိုးရအနေဖြင့် အာဖဂန်နစ္စတန်နို်ငငံတွင်းမှ ထွက်ခွာမည့် မူဝါဒ မရှိကြောင်းလည်း ၎င်းက‌ ပြောကြားသည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က အာဖဂန်နို်ငငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဖြစ်ခဲ့ပြီး ဒုတိယသမ္မတဟောင်းဖြစ်သူ ဟာမစ်အန်ဆာရီက အာဖဂန်နစ္စတန်တွင် သံရုံးပြန်ဖွင့်ရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly