တရုတ်-ကွန်ဂို ရာစုနှစ်သဘောတူညီချက်က လိမ်လည်မှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့နှင့် ဆက်စပ်နေ

တရုတ်-ကွန်ဂို ရာစုနှစ်သဘောတူညီချက်က လိမ်လည်မှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့နှင့် ဆက်စပ်နေ

တရုတ်အစိုးရပိုင် အင်ဂျင်နီယာကုမ္ပဏီများနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တို့အကြား အရေးပေါ်လိုအပ်နေသော အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့နိုင်ရေး သတ္တုတွင်းထွက်ပစ္စည်းများရောင်းဝယ်ရန်ဟူသောကြီးမားသောသဘောတူညီချက်တစ်ရပ်သည် ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားလုပ်မှုနှင့် လာဘ်ပေးလာဘ်ယူမှုဖြစ်စဉ်တို့ကို ဖုံးကွယ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအစီရင်ခံစာသစ်တစ်ခုအရ သိရသည်။

စုံစမ်းစစ်ဆေးရေးနှင့် မူဝါဒရေးရာအဖွဲ့The Sentry ၏ စာမျက်နှာ ၉၀ ပါအစီရင်ခံစာတွင် ကွန်ဂိုနှင့် တရုတ်အကြား အဆင့်မြင့်ဆက်သွယ်မှုများရှိသည့် ကြားလူ ဒေးဗစ်ဒူဝေမှ ကြိုးကိုင်သည့် အစီအစဉ်တစ်ခုအတွင်းလမ်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားသည့် အရေးကြီးသောရန်ပုံငွေများသည် ကွန်ဂိုသမ္မတဟောင်း ဂျိုးဇက်ခါဘီလာ အသိုင်းအဝိုင်း၏ အိတ်ကပ်များထဲတွင်မည်သို့ လမ်းဆုံးသွားကြောင်း အသေးစိတ်ဖော်ပြထားသည်။

‘ကွန်ဂို၏ ရာစုနှစ်၏သဘောတူညီချက်တွင် နိုင်ငံတော်သိမ်းပိုက်မှုနှင့် လာဘ်ပေးလာဘ်ယူမှု’ ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာ၌ ဒူဝေသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် အစိုးရကိုကိုယ်စားပြုသော တင်းကျပ်သော ကွန်ရက်တစ်ခုချင်းစီ၏ အကူအညီဖြင့် ကွန်ဂို BGFIBank ရှိ ၎င်း၏ ဟန်ပြကုမ္ပဏီအကောင့်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆၅ သန်းကို လွှဲပြောင်းခဲ့သည်ဟု ဆိုသည်။

ဒူဝေ၏ဒေါ်လာသန်းပေါင်းများစွာပေးချေမှုများကို Citibank နှင့် Commerzbank အပါအဝင် ကိုယ်စားလှယ်ဘဏ်များအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်မှတစ်ဆင့် နောက်ပိုင်းတွင် လွှဲပြောင်းခဲ့သည်။ တရုတ်ကော်ပိုရေးရှင်းများသည် ကမ္ဘာ့အဆင့်မြင့် ဘဏ္ဍာရေးလောကအကူအညီဖြင့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ သဘာဝအရင်းအမြစ်များကို ရယူသုံးစွဲနိုင်စေရန် ကွန်ဂိုရှိ အာဏာရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပြသသည့် အကျင့်ပျက်ခြစားမှုဆိုင်ရာ အထောက်အထားများကို The Sentry ၏ စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့သည်။

The Sentry စုံစမ်းစစ်ဆေးမှုအရ ဒူဝေသည် အတုအယောင်အကြောင်းပြချက်များနှင့် တစ်ခါတစ်ရံတွင် လိမ်လည်ပြုလုပ်ထားသောသဘောတူညီချက်များနှင့်ငွေတောင်းခံလွှာများကိုပင် အသုံးပြုကာ ဟန်ပြ ကွန်ဂိုဆောက်လုပ်ရေးကုမ္ပဏီ (CCC) မှတစ်ဆင့် ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးခြင်းဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများကို တိုးတက်စေရန် တရားမဝင်နည်းလမ်းများကို လုပ်ဆောင်ခဲ့သည်။

အစီအစဉ်တွင် အဓိကကျသည့် ဟန်ပြကုမ္ပဏီ ကွန်ဂိုဆောက်လုပ်ရေး (CCC) သည် ခါဘီလာနှင့် ၎င်း၏အဖွဲ့ဝင်များအတွက် ရည်ရွယ်ထားဟန်ရှိသော နိုင်ငံခြားရင်းမြစ်များမှ အမေရိကန်ဒေါ်လာ ၅၅ သန်းကို ရရှိခဲ့ကြောင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ခါဘီလာမိသားစုသည် နိုင်ငံရေးအာဏာနှင့် ဘဏ်အပေါ် ထိန်းချုပ်မှုနှစ်ခုစလုံး ဆုံးရှုံးလာချိန်မှာ နောက်ပိုင်း၌ CCC က ဘေးကင်းစေရန် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ပြန်လည်ထုတ်သွားခဲ့သည်။

The Sentry မှ စုံစမ်းစစ်ဆေးရေးဒါရိုက်တာ ဂျေအာမီလီက“ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသမိုင်းမှာ အကြီးမားဆုံး သဘောတူညီချက်တွေထဲက တစ်ခုက မသန့်ရှင်းဆုံးလည်း ဖြစ်ပါတယ်။ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ တွင်းထွက်ပစ္စည်းတွေကို ရတဲ့အတွက် တရုတ်ကုမ္ပဏီ ၂ ခုက သမ္မတရဲ့မိသားစုထိန်းချုပ်ထားတဲ့ အကောင့်တွေထဲကို သန်းပေါင်းများစွာကို ထည့်ဝင်ခဲ့ပါတယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly