ကာကွယ်ဆေး ထိုးပြီးပါက ရောဂါကင်းကြောင်း ဆေးစစ်ရန်မလိုဘဲ မြစ်ကြီးနားလေဆိပ်မှ ခရီးသွားနိုင်ပြီ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
06 December 2021
ကာကွယ်ဆေး ထိုးပြီးပါက ရောဂါကင်းကြောင်း ဆေးစစ်ရန်မလိုဘဲ မြစ်ကြီးနားလေဆိပ်မှ ခရီးသွားနိုင်ပြီ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်။

COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူတိုင်း ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ်မလိုဘဲ မြစ်ကြီးနား လေဆိပ်မှ ခရီးသွားနိုင်ပြီဟု လေဆိပ်တာဝန်ရှိသူက ပြောသည်။

မြစ်ကြီးနားလေဆိပ်မှ မန်နေဂျာ (လေကြောင်းထိန်းအရာရှိ) ဦးစောနွဲ့ဖဟိန်းစေ က "ကာကွယ်ဆေးထိုးပြီးတာ နှစ်ကြိမ်ဖြစ်ရမယ်။ ထိုးပြီးတာ ၁၄ ရက် ပြည့်တာနဲ့ရပြီ။ ဆေးမထိုးပြီးတဲ့ သူက မြစ်ကြီးနား လေဆိပ်မှာ အာ ခေါင်တို့ပတ် အခမဲ့စစ်ဆေးပေးနေပါတယ်" ဟု ပြောသည်။

မြစ်ကြီးနားလေဆိပ်တွင် ဆေးမထိုးရသော ခရီးသည်များအား နံနက် ၉ နာရီမှ ၁၁နာရီထိ၊နှင့် ညနေ ၂ နာရီမှ ၃ နာရီအထိ ကျန်းမာရေးအဖွဲ့မှ ပိတ်ရက်မရှိ လာရောက်ပြီး အခမဲ့ ဆေးစစ်ပေးနေသည်ဟုလည်း တာဝန်ရှိသူက ပြောသည်။

ယခင်က မြစ်ကြီးနားမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံနှင့် ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် ကျပ် ၁၀၀၀၀ ပေးရသည်ဟု ခရီးသည် တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၁၁,၈၅၈,၅၉၈ ဦး၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၄,၉၉၀,၅၇၄ ဦး ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၄ ရက်နေ့၊ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ ၁၉,၅၀၀ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြုလူနာသစ် ၃၇၄ ဦးရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတဝှမ်းတွင် ဒီဇင်ဘာလ ၄ ရက်နေ့ အထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ငါး သန်းခွဲကျော် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာ ၅သိန်း ၂သောင်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly