ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်း ၄ ခုတွင် အခြေခံပညာ မူလတန်းအဆင့် စတင်သင်ကြားပေးနေ

By ဆာရှိမိ
05 December 2021
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်း ၄ ခုတွင် အခြေခံပညာ မူလတန်းအဆင့် စတင်သင်ကြားပေးနေ

ဒီဇင်ဘာ ၅

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း လေးခုမှ ကလေးငယ် ၂၀၀ ဝန်းကျင်ကို ဖက်ဒရယ်တက္ကသိုလ် (Virtual Federal University) မှဦးဆောင်၍ အခြေခံပညာ သင်ကြားရေး အစီစဉ်ကို စတင်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး တာဝန်ခံတစ်ဦးထံမှ သိရသည်။

အဆိုပါအဖွဲ့ အနေဖြင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို သင်ကြားမှု နည်းစနစ် အထောက်အကူပြုရေး အတွက် အဓိကပံ့ပိုးပေးခဲ့ပြီး ဆရာ၊ ဆရာမများ အနေဖြင့် အခြေခံပညာ မူလတန်းကဏ္ဍကို နိုဝင်ဘာလမှစ၍ သင်ကြားပို့ချနေပြီ ဖြစ်ကြောင်း ၎င်းကမဇ္ဈိမကို ပြောသည်။

"အခု Camp တွေမှာ ဆရာ၊ ဆရာမတွေကို ဖက်ဒရယ် တက္ကသိုလ်က တစ်ဆင့်ပြန်ပို့ချတယ်။ အခုလောလောဆယ် မူလတန်းကို အဓိကစနေတယ်။ စခန်းတွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေက အချိန်ဇယားခွဲသင်တယ်။ ပုံမှန် အခြေခံကျောင်းတွေလိုပုံစံ စီစဉ်ပြီးသင်တယ်"ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ကလေးငယ်များ၏ ပညာရေးအတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (University of Yangon Students Union - UYSU)၊ Virtual Federal University တို့နှင့်အတူ Karenni Guys မှ စာသင်ခန်းများအတွက် လိုအပ်သည့် သင်ကြားရေး ပစ္စည်းကိရိယာများ၊ အမိုးအကာများ၊ စာရေးကိရိယာများ၊ စာကြည့်တိုက်အတွက် စာအုပ်များ၊ ကစားစရာများနှင့် ရိက္ခာတို့ကို သုံးဖွဲ့ပူးပေါင်းကာ စီစဉ်လှူဒါန်းပံ့ပိုး ကူညီနေခြင်းဖြစ်သည်။

ထို့အပြင် စခန်းတစ်ခုချင်းစီအလိုက် စာကြည့်တိုက်များ ထားရှိရေးကိုလည်း စတင်အကောင်အထည် ဖော်လျက်ရှိသဖြင့် ကလေးငယ်များအတွက် ကာတွန်းစာအုပ်၊ ပုံပြင်စာအုပ်များ လှူဒါန်းနိုင်ကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံအချို့က ဆိုသည်။

ဖက်ဒရယ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ အခွဲဖြစ်၍ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးကို ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်မှုအပေါ် အခြေခံပြီး အခမဲ့သင်ကြားပေးရန် ရည်ရွယ်သည့် တက္ကသိုလ်ဖြစ်သည်။

ဖက်ဒရယ်တက္ကသိုလ် (Virtual Federal University) အဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်း ပညာသင်ကြားရန် ခက်ခဲသည့် ဒေသများတွင် သင်ကြားရေးစနစ် ပြုပြင်ပြောင်းလဲရန် အကောင်ထည်ဖော်နေသည့် အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required