အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၃ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၃ ဦးထက်မနည်း သေဆုံး
Photo - AFP

ဒီဇင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီဇင်ဘာ ၄ ရက်က ဆီမီရူမီးတောင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ၁၃ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ ယင်းနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၅ ရက်မှာ အေအက်ဖ်ပီကို ပြောပါတယ်။

မီးတောင်ပေါက်ကွဲပြီးနောက် ချော်ရည်တွေ၊ မီးတောင်ပြာပူတွေ ထွက်ပေါ်ခဲ့ပြီး အပျက်အစီးတွေထဲ ပိတ်မိနေသူတွေကို လွတ်မြောက်အောင် ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေ တက်သုတ်ရိုက် ကြိုးပမ်းခဲ့ကြရပါတယ်။

"မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ခုဆို ၁၃ ယောက် ရှိသွားပါပြီ၊ ကယ်ဆယ်ရေးသမားတွေက နောက်ထပ်အလောင်းတွေ ထပ်တွေ့ထားခဲ့ပါတယ်" လို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မူဟာရီက အေအက်ဖ်ပီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖြေကြားပါတယ်။ ပိတ်မိနေခဲ့သူ ၁၀ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ပေးထားနိုင်ခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။

ဂျာဗားကျွန်းပေါ်က အကြီးဆုံး မီးတောင်ဟာ စနေနေ့မှာ ရုတ်တရက် ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံတွေ အငိုက်မိသလို ဖြစ်ခဲ့ရပြီး လူထောင်နဲ့ချီတို့ဟာ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးလမ်းကြောင်းကနေ လွတ်အောင် ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး မိသားစုပေါင်း ရာချီဟာ ယာယီခိုလှုံရာစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။

မီးတောင်ပေါက်ကွဲပြီးနောက် လူမာဂျန် ခရိုင်အတွင်း အနည်းဆုံး ကျေးရွာ ၁၁ ခုမှာ မီးတောင်ပြာတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

ရုပ်သံတစ်ခုမှာတော့ ဆီမီရူမီးတောင်ပေါက်ကွဲပြီး ကောင်းကင်ကို ပြာတွေ မှုတ်ထုတ်နေတာကို တွေ့မြင်နိုင်ပြီး အနီးအနားရှိ ရွာတစ်ရွာမှာ နေထိုင်တဲ့ ဒေသခံတွေ အထိတ်တလန့် အော်ဟစ်ရင်း ဘေးလွတ်ရာကို ထွက်ပြေးဖို့ ကြိုးပမ်းနေခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅၇ ဦး ဒဏ်ရာရခဲ့ပြီး ၄၁ ဦးဟာ ပြင်းထန်တဲ့ အပူလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ယခုအခါ အေဂျင်စီက အစားအသောက်၊ တာပေါ်လင်စတွေ၊ နှာခေါင်းစည်းတွေနဲ့ အလောင်းထည့်အိတ်တွေအပါအဝင် အကူအညီပစ္စည်းတွေ ပေးပို့ထားတယ်လို့ ယင်းက ထုတ်ပြန်ပါတယ်။

ဆီမီရူ မီးတောင်ဟာ ၂၀၂၀ ဒီဇင်ဘာလက ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပြီးနောက်ပိုင်း ယင်းရဲ့ အန္တရာယ် သတိပေးချက် အဆင့်ဟာ ဒုတိယမြောက်အမြင့်ဆုံး အဆင့်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားကတော့ ပစိဖိတ်မီးကွင်း ရပ်ဝန်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required