တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ရက် ၁၀၀ အတွင်း အာဖဂန်နစ္စတန်၏ လုံခြုံရေးအခြေအနေ ယိုယွင်းဆိုးရွားနေ

တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ရက် ၁၀၀ အတွင်း အာဖဂန်နစ္စတန်၏ လုံခြုံရေးအခြေအနေ ယိုယွင်းဆိုးရွားနေ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်ခဲ့ပြီးနောက် ရက် ၁၀၀ အတွင်း ယင်းနိုင်ငံရှိ လုံခြုံရေးအခြေအနေသည် ယိုယွင်းဆိုးရွားနေခဲ့သည်။

ယင်းနိုင်ငံတွင် အကြီးစား လုံခြုံရေးဆိုင်ရာ ထိခိုက်မှုဖြစ်စဥ် ခုနစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံး သို့မဟုတ် ဒဏ်ရာရမှုပေါင်း ၆၃၀ အထိ ရှိခဲ့ကြောင်း Tolo News က ဖော်ပြသည်။

သြဂုတ်လက အမေရိကန်တို့ ယင်းနိုင်ငံကနေ ရွှေ့ပြောင်းခေါ်ထုတ်မှုကို လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဥ်အတွင်း ကဘူးလ်လေဆိပ်အပြင်ဘက်၌ အသေခံတိုက်ခိုက်မှုဖြစ်စဥ်၊ ခွန်ဒုဇ် နှင့် ကန်ဒါဟာရှိ ရှီးယား မွတ်ဆလင်များကို အသေခံတိုက်ခိုက်မှုများ၊ ကဘူးလ်ရှိ ဆာဒါ မိုဟာမက် ဒေါက်ဒ် ဆေးရုံကို တိုက်ခိုက်မှု စသည်တို့က အဓိက လုံခြုံရေးထိခိုက်မှုဖြစ်စဥ်များအနက် တချို့ဖြစ်သည်။

ယင်းနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့များက နိုင်ငံခြားသားများနှင့် ၎င်းတို့၏ ပြည်တွင်း ပါတနာများကို ဘေးကင်းရာရွှေ့ပြောင်းခေါ်ထုတ်မှုအတွင်း ကဘူးလ် လေဆိပ်၌ တိုက်ခိုက်မှုဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် အမေရိကန်စစ်သား ၁၃ ဦး အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ကာ အခြား လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အိုင်အက်စ်- ခိုရာစန် (ISIS-K) အဖွဲ့က ယင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု Tolo News က ဖော်ပြသည်။

အောက်တိုဘာ ၃ ရက်ကလည်း ကဘူးလ်မြို့ရှိ အစ်ဒ်ဂါး ဗလီအပြင်ဘက်၌ ပေါက်ကွဲမှုတစ်ခုကြောင့် လူတချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့သည်။

အိုင်အက်စ်- ခိုရာစန် အဖွဲ့သည် အာဖဂန်နစ္စတန်တွင် ကြီးလေးသည့် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း တာလီဘန်တို့က ပြောထားသော်လည်း ထို အဖွဲ့သည် လေဆိပ်တိုက်ခိုက်မှု၊ ခွန်ဒုဇ် နှင့် ကန်ဒါဟာ ဗလီများကို တိုက်ခိုက်မှုတို့အပါအဝင် တိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ကြောင်း ထုတ်ဖော်ထားခဲ့ပြီး ထိုတိုက်ခိုက်မှုဖြစ်စဥ်များအတွင်း လူအများအပြားကို သေဆုံး၊ ဒဏ်ရာရမှုများကို ဖြစ်စေခဲ့သည်ဟု Tolo News က ဖော်ပြသည်။

"သူတို့ (ISIS-K) ကို ဖြိုဖျက်ထားပါတယ်၊ သူတို့ဟာ သူတို့ ဆန္ဒရှိသလို နည်းလမ်း၊ ပုံစံနဲ့အတူ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပေါ်မလာနိုင်တော့ပါဘူး" ဟု တာလီဘန်အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ အီနာမူလာ စမန်နာဂါနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly