ဗြဟ္မပုတ္တရမြစ်ပေါ်တွင် ရေကာတာတည်ဆောက်မှုအပေါ် စိုးရိမ်ကြောင်း အဝေးရောက် တိဗက်အစိုးရသမ္မတ ပြောကြား

By Babushahi
04 December 2021
ဗြဟ္မပုတ္တရမြစ်ပေါ်တွင် ရေကာတာတည်ဆောက်မှုအပေါ် စိုးရိမ်ကြောင်း အဝေးရောက် တိဗက်အစိုးရသမ္မတ ပြောကြား

ဗြဟ္မပုတ္တရမြစ်ပေါ်တွင် တရုတ်က ရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေပြီး ကြီးမားသော စီမံကိန်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ သော မြစ်ကြောင်းအောက်ပိုင်းနိုင်ငံများအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်သည်ဟု အဝေးရောက်တိဗက်အစိုးရ၏ သမ္မတပန်ပါဆာရင်က ပြောကြားသည်။

"တရုတ်က တိဗက်မှာ မြစ်ဖျားခံတဲ့ မြစ်တွေအားလုံးပေါ်မှာ ဆည်အများအပြား တည်ဆောက်ထားပြီး အခြားနိုင်ငံထဲ မစီးဆင်းခင် မဲခေါင်မြစ်တစ်ခုတည်းပေါ်မှာပဲ ဆည်ပေါင်း ၃၂ ခုခန့်ကို တည်ဆောက်ထားပါတယ်။

ဒီနေ့ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးဖြစ်တဲ့Three Gorges Dam အရွယ်အစားရဲ့ ၃ ဆလို့ ယူဆရတဲ့ ရေကာတာတစ်ခုကို တည်ဆောက်နေပါတယ်" ဟု ဆာရင်က ANI သို့ပြောသည်။

တရုတ်နိုင်ငံသည် ယာလန်ဆန်ပိုမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အတွက် အရေးပါသော ရေချိုအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည့် မြစ်ပေါ်ရှိ အဆိုပါစီမံကိန်းများ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အောက်ပိုင်းမြစ်ကြောင်းရှိ နိုင်ငံများတွင် စိုးရိမ်မှုများ မြင့်တက်လာသည်။

တရုတ်နိုင်ငံကအကောင်အထည်ဖော်ဆောင်ရွက်နေသော ရေအားလျှပ်စစ် စီမံကိန်း အကြီးအသေးများစွာကြောင့် ပြင်းထန်သော ခြိမ်းခြောက်မှု အန္တရာယ်ကို ကြုံနေရသည်ဟု ကျွမ်းကျင်သူများက လက်ခံထားကြသည်။

ရေစုန်ရေဆန် ဂေဟစနစ်များနှင့် မြေပြင်အနေအထားကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အဆိုပါ ရေအားလျှပ်စစ် ဆည်များ တည်ဆောက်ခြင်းသည် အနီးအဝေးဒေသများအပါအဝင် စီမံကိန်း၏ တည်နေရာအပေါ် သိသာထင်ရှားသော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုရှိကြောင်း တိုရွန်တိုအခြေစိုက် အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (International Forum for Rights and Security - IFFRAS) အကြံပေးအဖွဲ့က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဗြဟ္မပုတ္တရာမြစ်ကိုမှီခိုနေသော အိန္ဒိယရှိ အာရွန်နာချယ်နှင့်အာသံပြည်နယ်တို့တွင် ကြီးမားသော နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်မှုအလားအလာများ ရှိနိုင်သည်ဟု ပညာရှင်များက ဆိုသည်။

တိဗက်နယ်စပ်ရှိ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဆာရင်က “ကျွန်တော်တို့မှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေအားလုံးအတွက် တိကျတဲ့ အစီရင်ခံစာမရှိပေမယ့် အချို့တွေကတော့ ထင်သာမြင်သာရှိနေပါပြီ။ နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်” ဟု ဆာရင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly