ပုလောတွင် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ အပြန်အလှန် တိုက်ပွဲဖြစ်

By ကိုရွှေမြိတ်
04 December 2021
ပုလောတွင် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ အပြန်အလှန် တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၄

မြိတ်ခရိုင် ပုလောမြို့နယ် ဂျင့်ဂါရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) PDF-Palaw နှင့် စစ်ကောင်စီတပ်ဖွဲ့များ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဂျင့်ဂါရွာမှာရှိတဲ့ သတင်းပေး ဒလန်တစ်ဦးကို ကျွန်တော်တို့ PDF အဖွဲ့က သွားရောက်သတိပေးပြီး အပြန် ညနေပိုင်းမှာ တိုက်ပွဲစဖြစ်တယ်" ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ ဦးကျော်သည် စစ်ကြောင်းနှစ်ကြောင့်ဖြင့် KNU ထိန်းချုပ်နယ်မြေသို့ ကျူးကျော်လာ၍ PDF အဖွဲ့မှ စတင်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒလန်ကို ကျွန်တော်တို့ PDF အဖွဲ့က နောက်မလုပ်ဖို့ အဝါရောင်အဆင့် အနေနဲ့ သွားရောက် သတိပေးတာပါ ဒါကိုမကျေနပ်လို့ လာရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ခဲ့တယ်" လို့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ထပ်လောင်း ပြောဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ လေးဦး ထိခိုက်မှုရှိခဲ့ပြီးနောက် လက်နက်ကြီး နှစ်ချက် ပစ်ဖောက်ကာ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး PDF ဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required