NLD ကိုယ်စားလှယ်ကို သထုံတရားရုံးက ထောင် ၁ နှစ်ချ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
03 December 2021
NLD ကိုယ်စားလှယ်ကို သထုံတရားရုံးက ထောင် ၁ နှစ်ချ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်သည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် သထုံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို သထုံ ဇင်မသွယ် အကျဥ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု NLD ပါတီနှင့် နီးစပ်သူများက ပြောသည်။

"ပုဒ်မ ၅၀၅(က) နဲ့ စွဲထားတာပေါ့ အဲဒါကို နိုဝင်ဘာ ၃၀ ရက်နေ့က အမိန့်ချလိုက်တယ်။ အထူးတရား ရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်လိုက်တယ်" ဟု NLD နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်မှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့ကို ဦးဆောင်ပါဝင်ခဲ့ခြင်းတို့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

ဒေါ်မာမာခိုင်နှင့်အတူ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

သို့သော်လည်း ဦးဉာဏ်ထွန်း၏ အမှုကို စစ်ကောင်စီက ပိတ်သိမ်းပြီး အောက်တိုဘာလတုန်းက ပြန်လွှတ်ပေးခဲ့ သည်။

စစ်အာဏာသိမ်းပြီးနောက် ၁၀ လတာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင် များ အပါအဝင် ပါတီဝင်စုစုပေါင်း ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု NLD ဗဟို အလုပ်ကော်မတီ (CWC) က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရသူများထဲ တွင် ၁၂၈ ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်သည့် NLD ပါတီဝင် ၄၃၂ ဦးရှိသည်ဟု NLD ဗဟို အလုပ်ကော်မတီ (CWC)က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲတွင် မွန်ပြည်နယ်အတွင်းက NLD လွှတ်တော် ကိုယ် စားလှယ်အချို့တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်း ထားခဲ့သည်။

မွန်ပြည်နယ်အတွင်းက အမှုဖွင့်ခံရသူများအနက် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံနှင့် ဒေါ်မာမာခိုင်တို့ နှစ်ဦး လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက်တွင် အမှုရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်မာမာခိုင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီး၊ ဝန်းကြီးချုပ်ဟောင်း ဒေါက်တာ အေးဇံက ပုဒ်မ ၅၀၅-က အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required