ဝေဝါးနေဆဲ ရုန်းထွက်ခြင်း လမ်းစ

By ကချင်လေး
03 December 2021
ဝေဝါးနေဆဲ ရုန်းထွက်ခြင်း လမ်းစ

ဒီဇင်ဘာ ၃

“မူးယစ်ဆေးဝါးကို သုံးစွဲနေကြတဲ့ အမျိုးသမီးတွေ မူးယစ်နွံထဲကနေ ရုန်းထွက်လာနိုင်ဖို့အတွက် သူတို့ကို ကူညီပေးနိုင်မယ့် အမျိုးသမီးသီးသန့် ဆေးဖြတ်စင်တာကြီးတစ်ခု ရှိကိုရှိသင့်တယ်” လို့ မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေရဲ့ ဆရာတွေက ဆိုကြပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေး သုံးစွဲနေကြသူများကို ဆေးဖြတ်ပေးနေကြတဲ့ သင်တန်းကျောင်းက ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အနေနဲ့ သင်တန်းကျောင်းပေါင်း ၅၀ နီးပါးရှိနေပေမယ့် ဒီသင်တန်းကျောင်းတွေထဲမှာ မူးယစ်ဆေးစွဲ အမျိုးသမီးတွေအတွက် သီးသန့် ဆေးဖြတ်စင်တာ သင်တန်းကျောင်း တစ်ခုမှ မရှိပါဘူး။

“မူးယစ်ဆေးဖြတ်တဲ့ကိစ္စမှာ အမျိုးသားတွေကို ဆေးဖြတ်ပေးတာနဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပေးတာက မတူဘူး။ ကွာခြားပါတယ်။ အမျိုးသမီးတွေက ဒီမူးယစ်ဆေးဖြတ်တဲ့ ကိစ္စမှာ သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်းအရ အရမ်းကို အခက်အခဲရှိတယ်။ အဲ့ဒါက သူတို့ရဲ့ အရှက်တရားဖြစ်တယ်။ ဒါကြောင့်မို့ဘဲ သူတို့ (အမျိုးသမီး)က မူးယစ်ဆေးဖြတ်တဲ့ နေရာတွေဆီ ရောက်မလာနိုင်သေးတာဘဲ ဖြစ်ပါတယ်။ အမျိုးသမီး မူးယစ်ဆေး သုံးစွဲနေသူတွေအတွက် စိတ်ဓာတ်ပိုင်းအရ ကုသပေးနိုင်ဖို့နဲ့ ဂုဏ်သိက္ခာပိုင်းအရ ကာကွယ်ပေးနိုင်မယ့် သီးသန့် ဆေးဖြတ်စခန်းတွေ ရှိကိုရှိနေရမယ်” လို့ မူးယစ်ဆေးဖြတ် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေရဲ့ ကျောင်းအုပ်များက ဆိုကြပါတယ်။

ဒီမူးယစ်ဆေးဖြတ် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေဟာ ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ အများဆုံး ဖွင့်လှစ်ထားတာဖြစ်ပြီး၊ ဖားကန့်၊ ပူတာအို အစရှိတဲ့ နေရာဒေသများမှာလည်း သင်တန်းကျောင်းများ အသီးသီး ဖွင့်လှစ်ထားကြပါတယ်။ ဒီဆေးဖြတ် သင်တန်းကျောင်းတွေကို ရောက်ရှိလာပြီး မူးယစ်ဆေး လာဖြတ်နေကြသူတွေဟာ ကချင်ပြည်နယ် ဒေသတွင်းကသာမကဘဲ ရှမ်းပြည်နယ်၊ မိုးကုတ်၊ မန္တလေး၊ စစ်ကိုင်း အစရှိတဲ့ နေရာဒေသက တိုင်းရင်းသား ဒေသခံတွေလည်း လာရောက်ကြပါတယ်။ ဒါ့အပြင် မြန်မာပြည်ဖွား တရုတ်မျိုးနွယ် ဒေသခံအချို့လည်း ဒီမူးယစ်ဆေးဖြတ် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေမှာ လာရောက်ကာ ဘဝသစ်စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။

ဒီသင်တန်းကျောင်း အများစုမှာ ရောက်ရှိလာတဲ့ မူးယစ်ဆေးသုံးတဲ့ သူတွေထဲမှာ အမျိုးသားက များပြားပေမယ့် အမျိုးသမီးဦးရေက လက်ချိုးရေတွက်လို့ ရပါတယ်။ အမျိုးသမီးတွေအတွက် မူးယစ်ဆေး ဖြတ်ပေးနေကြတဲ့ နေရာတွေ ဘာလို့ဒီလောက် ရှားပါးနေတာလည်းဆိုတာ သိရအောင်လို့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့များက မူးယစ်ဆေးဖြတ် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆယ်ခုထက်မနည်း သွားရောက်ခဲ့ပြီး၊ စုံစမ်းမေးမြန်း ခဲ့ရာမှာ ဆေးဖြတ်မှုခံယူနေကြတဲ့ အမျိုးသမီးဦးရေက ငါးယောက်တောင် မပြည့်တာကို တွေ့ရပါတယ်။

ဆေးဖြတ်မှုခံယူနေကြတဲ့ အမျိုးသမီးများရဲ့ ဘဝအခြေအနေတချို့ကို သိရှိတင်ပြနိုင်ဖို့အတွက် သူတို့နဲ့ မေးမြန်းခွင့်တောင်းခဲ့ပေမယ့် အချိန်ကာလ လိုအပ်ချက်တစ်ခုနဲ့ သူတို့ (အမျိုးသမီး) ရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းတဲ့အနေနဲ့ မေးမြန်းခွင့်များ မရရှိခဲ့တဲ့အတွက် မူးယစ်ဆေးဖြတ် အမျိုးသမီးတို့ရဲ့ ဘဝအခြေအနေ တချို့ကို ဒီဆောင်းပါးမှာ တင်ပြထားနိုင်ခဲ့ခြင်းမရှိပါ။ ဒါပေမယ့် မူးယစ်ဆေးစွဲနေတဲ့ အမျိုးသမီးတွေ ဆေးဖြတ်ချင်တယ်ဆိုရင် သူတို့ဘယ်လို အခက်အခဲတွေ ရှိသလဲဆိုတာကို လေ့လာစုံစမ်းနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာက မူးယစ်ဆေးစွဲသူများကို ဆေးဝါးအကူအညီရယူကာ မူးယစ်ဆေး ဖြတ်ပေးတာနဲ့ အစားထိုးဆေးဝါး အကူအညီမပါဘဲ မူးယစ်ဆေးသုံးချင်တဲ့စိတ်ကို ဖြတ်ပေးတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးနေကြပါတယ်။ ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အနေနဲ့က အခြားအစားထိုးဆေးဝါး အကူအညီ တစုံတရာ ရယူခြင်းမရှိဘဲ ယင်းထလာရင် ရေချိုးကာ ဆေးဖြတ်ခံနေသူ အချင်းချင်း ဝိုင်းဝန်းထိန်းကျောင်း ဆေးဖြတ်နေကြတဲ့ ဌာနေတိုင်းရင်းသားတို့ရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးနဲ့ နှီးနွယ်တဲ့ မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေက ပိုများနေတာပါ။

ဒီသင်တန်းကျောင်းတွေမှာ မြန်မာနိုင်ငံ ဒေသအသီးသီးက မူးယစ်ဆေးသုံးတဲ့ အမျိုးသားရာနဲ့ချီ တက်ရောက်နေကာ မူးယစ်ဆေးဖြတ်နေကြပေမယ့် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာ အနေနဲ့ မူးယစ်ဆေးဖြတ်နေတဲ့ အမျိုးသမီးဦးရေက ဆယ်ဦး မပြည့်ပါဘူး။

ဒီမူးယစ်ဆေးဖြတ် သင်တန်းကျောင်းအများစုက ယောက်ျားသား အများဆုံး အုပ်ချုပ်နေတဲ့ သင်တန်းကျောင်း ဖြစ်တဲ့အပြင် ပါဝင်လုပ်ကိုင်နေကြတဲ့ ဆရာများကလည်း ယောက်ျားသား အများစု ဖြစ်နေပါတယ်။ ဒီအခြေအနေကဘဲ မူးယစ်ဆေးသုံး အမျိုးသမီးတွေကို ဆေးဖြတ်နိုင်ဖို့ လက်မခံနိုင်ရတာ ဖြစ်တယ်လို့ မူးယစ်ဆေးဖြတ် သင်တန်းကျောင်းမှ တာဝန်ခံ ဆရာဒေါင်ဇောင်းက ပြောပြပါတယ်။

“ကျွန်တော်တို့ကျောင်းရဲ့ အခက်အခဲကိုပဲ ပြောပြမယ်နော်။ သူတို့ကို အမြဲတမ်း ကြည့်ပေးနိုင်မယ့် အဆောင်မှူး ဆရာမတွေ ကျွန်တော့်မှာမရှိဘူး။ ကျွန်တော်တို့မှာ အမျိုးသမီး ဆေးဖြတ်သူတွေရှိရင် သင်တန်းကျောင်းမှာက ယောကျ်ားသားများတဲ့အတွက် သမီးရည်းစား ကိစ္စလိုမျိုးကလည်း ရှုပ်တယ်၊ ထိန်းရခက်တယ်။ နောက်ပြီး အမျိုးသမီး ဆေးဖြတ်လာသူတွေက အမြဲတမ်းလည်း ရောက်မလာဘူး။ တစ်နှစ်မှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲလာတော့ သူတို့အတွက် အဆောင်အပို ဆောက်လုပ်ထားဖို့ကလည်း ကုန်ကျစရိတ်ကများတယ်။ အဆောင်ဆိုတဲ့နေရာမှာ သူတို့ (အမျိုးသမီး) ရေချိုးဖို့နေရာ၊ အိမ်သာနဲ့ အိပ်ဖို့နေရာ အဆောင်တွေကအစ အကုန်ဆောက်ထားရမယ်။ အဓိကတော့ ကျွန်တော်တို့က အမျိုသမီးအဆောင်မှူးကို အတည်ထားပြီး လခပေးရအောင်ကလည်း အမျိုးသမီးဆေးဖြတ်သူက အမြဲမရှိပြန်တော့ လက်မခံဖြစ်သွားတဲ့ အခြေအနေမှာ ဟုတ်တယ်” လို့ ဆရာဒေါင်ဇောင်းက ဆိုပါတယ်။

သင်တန်းကျောင်းတစ်ခုမှာ ရှားရှားပါးပါး မူးယစ်ဆေးဖြတ် အမျိုးသမီးတစ်ဦးကို မေးမြန်းခွင့် ရရှိခဲ့ပါတယ်။ သူပြောပြတာကတော့ ယခင်က မူးယစ်ဆေးဖြတ်တဲ့ သင်တန်းကျောင်းတွေ၊ မူးယစ်ဆေး ဖြတ်ပေးတဲ့ နေရာတွေ မရှိတဲ့အတွက် မူးယစ်ဆေးဝါးကို မဖြတ်နိုင်ခဲ့ဖူးလို့ ဆိုပါတယ်။ နောက်ပြီး အခု မူးယစ်ဆေးဖြတ် သင်တန်းကျောင်း အချို့ကလည်း အမျိုးသမီးများ လက်ခံဖို့ အခက်အခဲများစွာ ရှိနေတဲ့အတွက် အမျိုးသမီးတွေ မူးယစ်ဆေးဖြတ်ဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေမှာ အမျိုးသမီးတွေ မူးယစ်ဆေးဖြတ်နိုင်ဖို့ အခက်အခဲရှိနေတာက အထူးစိန်ခေါ်မှု ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို အဆင်မပြေမှုတွေရှိနေတဲ့ အခြေအနေမှာ အမျိုးသမီးတွေ အတွက် သီးသန့် မူးယစ်ဆေးဖြတ်ဖို့ စင်တာကြီးတစ်ခု ရှိနေရင်တော့ ဆေးဖြတ်ချင်တဲ့ အမျိုးသမီးတွေ ရောက်လာမှာပါလို့ ဆိုပါတယ်။ ကျွန်တော် မေးမြန်းခွင့်ရခဲ့တဲ့ အမျိုးသမီးဆေးသုံးစွဲသူဟာ ဒီမူးယစ်ဆေးဖြတ် သင်တန်းကျောင်းကို ရောက်ရှိနေတာ လပိုင်းသာ ကြာသေးတယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဖြတ် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေက ဌာနေတိုင်းရင်းသားတို့ရဲ့ ခရစ်ယာန်ဘာသာရေးကို အမှီပြုဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေ ဖြစ်ပါတယ်။ ဒီလို ဘာသာရေးနှီးနွယ်တဲ့ သင်တန်းကျောင်းတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ လုပ်ငန်းလုပ်ရိုးလုပ်စဉ်နဲ့ မကိုက်ညီတာကြောင့် NGO ၊ CSO အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကို ဒီမူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေ မရရှိပါဘူး။

အဲဒီလို ခိုင်မာတဲ့ အထောက်အပံ့မရှိတဲ့အပြင် အုပ်ချုပ်သူနဲ့ ဆရာအများစုကလည်း ယောက်ျားသားများ ဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကို မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေက လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။

ကချင်ပြည်နယ်မှာ အခြားအစားထိုး ဆေးဝါးအကူအညီနဲ့ မူးယစ်ဆေး ဖြတ်ပေးနေတဲ့ မူးယစ်ဆေးဖြတ် ဆေးရုံကြီးက မြစ်ကြီးနားမြို့ တစ်မြို့ထဲမှာဘဲ ရှိနေပါတယ်။ ဒါပေမယ့် မူးယစ်ဆေး အစားထိုး မက်သဒုန်း တိုက်ကျွေးတဲ့ နေရာတွေကိုတော့ မြစ်ကြီးနား မူးယစ်ဆေးရုံကြီး အပါအဝင် တာလောကြီး၊ အောင်မြင်သာ၊ ဝိုင်းမော်၊ ဆဒုံး၊ ချီဖွေ၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး၊ ဆားမှော်၊ ဖားကန့်၊ လုံးခင်း၊ တာမခံ၊ ဝှေခါ၊ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ပူတာအိုနဲ့ စစ်ကိုင်းတိုင်းအစပ် ရွှေကူမြို့တွေမှာ တိုက်ကျွေးနေတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့က မူးယစ်ဆေးရုံကြီးဝန်း အတွင်းမှာတော့ ပင်မဆေးရုံနဲ့ကပ်ရက်မှာ မူးယစ်ဆေးဖြတ် အမျိုးသမီးလူနာ တိုးချဲ့ဆောင် တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ - ၂၀၂၀ အစိုးရဘက်ဂျက်မှ သိန်း ၂၃၀၀ ကျော် အကုန်အကျခံကာ အခုချိန်ထိ တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီး တိုးချဲ့လူနာဆောင် ပြီးစီးခဲ့မယ်ဆိုရင် မူးယစ်ဆေးဖြတ် အမျိုးသမီးလူနာ ၂၀ ကျော်ခန့်ကို လက်ခံနိုင်မှာဖြစ်တယ်လို့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိ မြစ်ကြီနား မူးယစ်ဆေးဖြတ် ဆေးရုံကြီးမှာ ဖားကန့်နဲ့ မြစ်ကြီးနားမြို့က အများဆုံး လာရောက်ကုသနေပြီး၊ ဆေးရုံတက်ရောက် ကုသနေသူ အယောက် ၁၀၀ နီးပါးရှိပေမယ့် အဲ့ဒီ ဆေးဖြတ်သူတွေထဲမှာ အမျိုးသမီးနှစ်ယောက်သာ ရှိတယ်လို့ သိရပါတယ်။

မိသားစုပြဿနာတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေနဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးကို လက်တွေ့စမ်းသပ်လိုမှုတွေကြောင့် မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်လာရပါတယ်။ ဆေးစွဲနေတဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးပြတ်သွားပြီး လူကောင်းပြန်ဖြစ်သွားရင်တောင် အားငယ်စိတ်နဲ့ သိမ်ငယ်စိတ်တွေ ရှိနိုင်နေတာကြောင့် သူတို့ရဲ့စိတ်ကို နားလည်ပြီး လုပ်ဆောင်ပေးဖို့က ကချင်ပြည်နယ်အတွင်းက မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေအဖို့ အထူးခက်ခဲနေဆဲ ဖြစ်ပါတယ်။

လက်ရှိ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကတော့ ဒီလိုမူးယစ်ဆေးစွဲနေကြတဲ့ အမျိုးသမီးတွေရဲ့ ပြုပြင်ပြောင်းလဲရေးကို နားလည်လက်ခံနိုင်မှု အားနည်းနေပြီး၊ မေးခွန်းထုတ်နေကြဆဲပါ။ ဒီအချက်ကလည်း မူးယစ်ဆေးစွဲ အမျိုသမီးတွေကို မူးယစ်ဆေးဖြတ်တဲ့ နေရာတွေနဲ့ဝေးအောင် တွန်းပို့နေတာဖြစ်တယ်လို့ ဝေဖန်သုံးသပ်မှုများလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required