သထုံမြို့တွင် KTV က ပြန်လာသည့် စစ်ကောင်စီအရာရှိကား မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံမြို့တွင် KTV က ပြန်လာသည့် စစ်ကောင်စီအရာရှိကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် KTV မှ ပြန်လာသည့် အာဏာသိမ်း စစ်ကောင်စီ အရာရှိကားကို ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မွန်သထုံအထူး ကာကွယ်ရေး တပ်ဖွဲ့ (MTHSF) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ အရာရှိတစ်ဦးနှင့် နောက်ထပ်တစ်ဦးတို့ စီးနင်းလာသည့် ကားသည် သထုံမြို့နယ် မြေနီကုန်းကျေးရွာရှိ SUNDAY KTV စားသောက်ဆိုင်မှ အပြန် ရွှေစာရံဘုရားအနီး၊ ပိဋကတ်သုံးပုံ အဝိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။

“သူတို့မြို့ထဲအရောက်မှာ မိုင်းဆွဲလိုက်တာ။ ကွဲတာက သထုံမြို့လယ်ကောင်တည့်တည့်၊ အဲဒီမှာက ညတိုင်းလိုလို စစ်သားတွေ ကင်းပတ်တဲ့ကား ရှိတယ်။ အဲဒီနားမှာ ခွဲလိုက်တာ။ ကားပေါ်မှာက ပစ္စတိုသေနတ် ကိုင်တဲ့ အရာရှိ နဲ့ နောက်တစ်ယောက် ပါတယ်။ သေဖို့ကတော့ ၈၅ ရာခိုင်နှုန်း လောက် ရှိတယ်။ ညဆိုတော့ အတိကျ မသိဘူး” ဟု MTHSF တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည့် ကားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညတွင်းချင်း ပြောင်းရွှေ့ သယ်ဆောင် သွားကြောင်း ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက SUNDAY KTV စားသောက် ဆိုင်ကို သွားရောက်မွှေနှောက် စစ်ဆေးမှုများ ပြုလုပ်ကာ KTV ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ အပါအဝင် စားသောက်ဆိုင် ဝန်ထမ်းများကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်း သိရှိရသည်။

“ဗုံးပေါက်ပြီးတဲ့နောက်မှာ KTV ဆိုင်ကို သွားမွှေကြတယ်။ ဝန်ထမ်းတွေကို ဖမ်းသွားတယ်လို့ သိရတယ်။ အဖမ်းခံရတဲ့ အဲဒီလူတွေနဲ့ ဗုံးပေါက်ကွဲတာနဲ့ ဘာမှမဆိုင်ဘူး။ မဆိုင်တဲ့ လူတွေကို သူတို့ ဖမ်းသွားတယ်လို့ သိရတယ်။ မိန်းကလေးတွေပါ ဖမ်းသွားတယ်လို့ ကြားတယ်” ဟု MTHSF အဖွဲ့ဝင်က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ ထောက်တိုင်များ၊ အစုအဖွဲ့အများကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်းနှင့် စစ်ကောင်စီနှင့် ပတ်သက် ဆက်နွှယ်သော နေရာများသို့ သွားလာခြင်း မပြုကြရန် မွန်သထုံအထူး ကာကွယ်ရေးတပ်ဖွဲ့ (MTHSF) က ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required