စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားက ဖိတ်ကြားထား

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားက ဖိတ်ကြားထား

ဒီဇင်ဘာ ၃

မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမည့်အပတ်ထဲ ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ရှည်ကြာနေသည့် ဝရုန်းသုန်းကားအခြေအနေများ ရှိနေစဥ် အခြေအနေ တိုးတက်ကောင်းမွန်စေနိုင်ရေး ကြိုးပမ်းမှုတစ်ခုအဖြစ် ကမ္ဘောဒီးယားက လူကိုယ်တိုင်တွေ့ဆုံမည့် ဒစ်ပလိုမေစီကို အရှိန်မြှင့်လုပ်ဆောင်မည့်ပုံ ပေါ်နေသည်။

ကမ္ဘောဒီးယားသည် ရှေ့လတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ရက်ကို လာမည့် တနင်္လာ နှင့် အင်္ဂါနေ့ဟု မှန်းဆထားသော်လည်း လက်ရှိ ကူးစက်မြန် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်နေခြင်းက ယင်းခရီးစဥ်အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သိရသည်။ အိုမီခရွန် မျိုးကွဲကြောင့် နိုင်ငံများတွင် ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်များကို တိုးမြင့်လုပ်ဆောင်မှုများ ဖြစ်ပေါ်ထားစေခဲ့သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားကြောင်းကို ဟွန်ဆန်က အများပြည်သူ အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သက်ဆိုင်ပတ်သက်သူများအကြား ဆွေးနွေးညှိနှိုင်းနိုင်ရေး ကြိုးပမ်းရန် မြန်မာဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေး အပါအဝင် ဘုံသဘောတူညီချက် ငါးချက်ကို အာဆီယံက ပြီးခဲ့သည့် ဧပြီလက သဘောတူထားခဲ့သည်။ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သော်လည်း အာရီဝမ် ယူဆော့ဖ်၏ မြန်မာခရီးစဥ် အထမမြောက်ခဲ့ပေ။

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်သည် အောက်တိုဘာလကတည်းက အာဆီယံနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်ခွင့် မရခဲ့ပေ။

ဟွန်ဆန် အစိုးရအနေဖြင့် ဇန်နဝါရီလတွင် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်သစ်တစ်ဦး ခန့်အပ်မည်ဟု အရိပ်အမြွက် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required