၂၀၁၆ တွင်လည်း ဘာစီလိုနာအသင်းဆုဖလားများ ဆာလောင်နေဦးမည်ဟု မက်ဆီပြော

၂၀၁၆ တွင်လည်း ဘာစီလိုနာအသင်းဆုဖလားများ ဆာလောင်နေဦးမည်ဟု မက်ဆီပြော

ဒီဇင်ဘာ ၃၁၊ ဘာစီလိုနာ။           ။ ဘာစီလိုနာအသင်းအနေဖြင့် ၂၀၁၅ ခုနှစ်ကဲ့သို့ပင် လာမည့်နှစ်တွင်လည်း ဆုဖလားများဆာလောင်နေဦးမည်ဟု မက်ဆီက ပြောကြားလိုက် သည်။

ဘက်တစ်အသင်းကို ၄-၀ ဖြင့်နိုင်ပြီး ၂၀၁၅ ကိုနုတ်ဆက်နိုင်ခဲ့သည့် ဘာစီလိုနာအသင်းသည် ၂၀၁၅ ခုနှစ်အတွင်း ဆုဖလား ငါးလုံးရယူနိုင်ခဲ့ သည်။

ဘာစီလိုနာအသင်းအတွက် ယင်းသို့အောင်မြင်မှုမျိုးကို အလွယ်တကူရယူနိုင်ခဲ့ခြင်းမဟုတ်သော်လည်း အသင်းနှင့်ပွဲ ၅၀၀ ပြည့်ခဲ့သည့် မက်ဆီက အသင်းသားများအနေဖြင့် ၂၀၁၅-၁၆ လက်ကျန်ဘောလုံးရာသီတွင် အောင်မြင်မှုများဆက်လက်ရယူနိုင်သမျှ ရယူရန် အာရုံစူး စိုက်ထားကြသည်ဟု ပြောသည်။

"ကျွန်တော်တို့လုပ်ပြခဲ့တာတွေက မလွယ်ကူပေမယ့် ဆက်ကြိုးစားကြဦးမှာပါ"ဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောသည်။ မက်ဆီ သည် ဘာစီလိုနာအတွက် ပွဲ ၅၀၀ ပြည့်သည့် ဘက်တစ်နှင့်ပွဲတွင် အသင်းအတွက် ဒုတိယမြောက်အနိုင်ဂိုးသွင်းပေးနိုင်ခဲ့သည်။

ဘာစီလိုနာအတွက် ဂိုးများကို ဘက်တစ်ကစားသမား ဝက်စ်တာမန်က ကိုယ့်ဂိုးကိုယ်သွင်းယူပြီးလည်းကောင်း၊ ဆွာရက်ဇ်က နှစ်ဂိုး၊ မက်ဆီက တစ်ဂိုးသွင်းပြီးလည်းကောင်း ရယူနိုင်ခဲ့သည်။

"နိုင်ပွဲဆာလောင်နေဆဲ အသင်းတစ်သင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ်။ ၂၀၁၅ က ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး အဲဒီပုံစံအတိုင်း ထပ်ပြီး အဆုံးသတ်ချင်တယ်။

ဘက်တစ်နဲ့ပွဲက ထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အရာရာတိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ သုံးမှတ်အပြည့်ရယူနိုင်ခဲ့တယ်"ဟု မက်ဆီက ပြောသည်။

ရည်ညွှန်း- ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly