နှစ်သစ်ကူးပွဲတော် မြူးနစ်တွင် ကျရောက်အံ့ဆဲဆဲ အကြမ်းဖက်တိုက်ခိုက်မှုကို ဂျာမန်ရဲ သတိပေးထား

နှစ်သစ်ကူးပွဲတော် မြူးနစ်တွင် ကျရောက်အံ့ဆဲဆဲ အကြမ်းဖက်တိုက်ခိုက်မှုကို ဂျာမန်ရဲ သတိပေးထား

မြူးနစ်၊ ဇန်နဝါရီ - ၁ ။            ။ နှစ်သစ်ကူးအကြိုနေ့တွင် ဂျာမနီတောင်ပိုင်း မြူးနစ်မြို့၌ အကွက်ချစီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု ဂျာမန်ရဲက သတိပေးထားပြီး လူစုလူဝေးများနှင် အဓိက မီးရထားဘူတာရုံနှစ်ခုကို ရှောင်ကျဉ်ကြရန် အများပြည်သူများအား တိုက်တွန်းထားသည်။

‘လက်ရှိအထောက်အထားတွေအရ မြူးနစ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု စီစဉ်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်က ကျအံ့ဆဲဆဲ အခြေအနေမှာ ရှိနေပါတယ်’ဟု ရဲတပ်ဖွဲ့က ကြာသပတေးနေ့က လူမှုကွန်ရန် တွစ်တာတွင် ရေးသားခဲ့သည်။.

‘လူစုလူဝေးကို ရှောင်ကျဉ်ကြပါ။ မြူးနစ်နဲ့ ပက်ဆင်း မီးရထားဘူတာရုံတွေကိုလည်း ရှောင်ကျဉ်ကြပါ’ဟု တွစ်တာတွင် ထပ်လောင်း သတိပေးထားသည်။ မီးရထားဘူတာရုံများကိုလည်း လောလောဆယ် ပိတ်ထားသည်ဟု ဆိုသည်။

ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း မြို့တော်ရဲတပ်ဖွဲ့က အရေးကြီးသတင်း၊ ယခုည တိုက်ခိုက်လိမ့်မည်ဟု ရေးသားထားသည့်အပြင် ထိပ်တန်းအရေးကြီးသတင်း လက်ခံရရှိထားကြောင်း လည်း ဖော်ပြထားသည်။

ပွဲလမ်းသဘင်များ အရှိန်ရနေချိန်တွင် အုပ်စုက လှုပ်ရှားရန် စီစဉ်ထားသည့် ယုံကြည်လောက်ဖွယ်သတင်းကို ရရှိထားကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မီးရထားဘူတာရုံများမှ လူများကို နေရာပြောင်းရွှေ့ခဲ့ပြီဖြစ်သော်လည်း တိုက်ခိုက်သူများက နောက်ထပ်ပစ်မှတ်တစ်ခုကို ရှာဖွေလာနိုင်သည်ဟု အဆိုပါ ပြောခွင့်ရအမျိုးသမီးက ပြောကြားသည်။

လက်ရှိ နှစ်သစ်ကူးပွဲတော်အတွက် ထောင်ချီသော လူအုပ်များ စုရုံးရာဖြစ်သည့် ဘာလင်ရှိ ဘရင်ဒင်ဘာ့ဂိတ်တွင်လည်း လုံခြုံရေးကို တိုးမြှင့်ထားပြီး၊ လက်ကိုင်အိတ်များ၊ ကျောပိုးအိတ်များ ယူဆောင်လာခွင့်ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။  

ဥရောပအလားတူမြို့ကြီးများ၊ ပါရီနှင့် ဘရပ်ဆဲတို့တွင်လည်း မီးရှူးမီးပန်းများဖောက်ခြင်းကို ပိတ်ပင်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly