ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် အကြီးဆုံးသားကို ထောက်ခံ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် အကြီးဆုံးသားကို ထောက်ခံ

ဒီဇင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် သုံးခုကျော်ကြာ အုပ်ချုပ်နေခဲ့တဲ့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းရဲ့ နေရာဆက်ခံမယ့်သူအဖြစ် အကြီးဆုံးသားဖြစ်သူကို ထောက်ခံပေးထားတယ်လို့ သိရပါတယ်။

အသက် ၆၉ နှစ်ရှိ ဟွန်ဆန်ဟာ ၎င်းရဲ့ အကြီးဆုံးသားဖြစ်တဲ့ ဟွန် မန်နက် တချိန်ချိန်မှာ နိုင်ငံကို ဦးဆောင်နိုင်ဖို့အတွက် ပျိုးထောင်ပေးနေတယ် ဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေ ကာလကြာကတည်းက ထွက်ပေါ်ထားခဲ့ပါတယ်။

ဟွန် မန်နက်ကတော့ ဗြိတိန်နဲ့ အမေရိကန်မှာ ပညာသင်ယူခဲ့ပြီး လက်ရှိ ကမ္ဘောဒီးယားစစ်တပ်မှာ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

"ဟွန် မန်နက်က ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းတွေထဲက တစ်ဦးဖြစ်ပါတယ်၊ ဖခင်ဖြစ်သူဆီက ထောက်ခံအားပေးမှုကို ရထားပါတယ်" လို့ ဟွန်ဆန်က ကမ်းခြေမြို့ဖြစ်တဲ့ သီဟာနုဗီးလ်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။

လက်ရှိ အသက် ၄၄ နှစ် ရှိပြီဖြစ်ပြီး တော်ဝင် ကမ္ဘောဒီးယား စစ်တပ်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သလို ခြေလျင်တပ်ရဲ့ တပ်မှူးဖြစ်တဲ့ သားဖြစ်သူ ဟွန် မန်နက်ဟာ ရွေးကောက်ပွဲတစ်ခုကို ယှဉ်ပြိုင်ရဖို့တော့ ရှိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၂၃ မှာ ကျင်းပသွားဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီကို နိုင်ငံတော်တရားရုံးချုပ်က ဖျက်သိမ်းထားခဲ့တာကြောင့် ဟွန်ဆန်ရဲ့ ပါတီဟာ ပါလီမန်မှာ အမတ်နေရာအားလုံးကို အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတိုက်အခံ ပါတီဝင်ဟောင်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

ဟွန်ဆန်ဟာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ရစ်ပတ်တင်းကျပ်ထားခဲ့ပြီး အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ချုပ်ထိန်းဖို့ တရားရုံးတွေကို အသုံးချထားခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

၎င်းရဲ့ သားဖြစ်သူ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးဆီ တက်လှမ်းမှုက ဆယ်စုနှစ်တစ်စုတော့ စောင့်ရနိုင်ကြောင်း ဟွန်ဆန်က ပြောခဲ့သလို ၎င်း အနားယူမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့လည်း ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။

ဟွန်ဆန်ဟာ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်တွေအနက် တစ်ဦးဖြစ်ပြီး အာဏာရနေတာဟာဆိုရင် ၃၆ နှစ်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly