သေနတ်ထိန်းချုပ်ရေး သမ္မတအမိန့်အများကို အိုဘားမား မကြာမီကြေညာမည်

သေနတ်ထိန်းချုပ်ရေး သမ္မတအမိန့်အများကို အိုဘားမား မကြာမီကြေညာမည်

ဝါရှင်တန်၊ ဇန်နဝါရီ - ၁ ။            ။ အိမ်ဖြူတော်၏ စီမံချက်များနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ သေနတ်ရောင်းချမှုများတွင် နောက်ကြောင်းစစ်ဆေးမှုများကို တိုးချဲ့ရန် ရည်ရွယ်သည့် အရေးယူဆောင်ရွက်မှုအသစ်တရပ်ကို သမ္မတ ဘားရက် အိုဘားမားက လာမည့်ရက်များအတွင်း ကြေညာဖွယ်ရှိသည်ဟု ဆိုသည်။

 မကြာမီချက်ချင်းဟု ဖော်ပြထားသည့် အရေးယူဆောင်ရွက်ချက်အသစ်များက သေနတ်ကြောင့် သေဆုံးရမှုများကို ကူညီလျှော့ချပေးမည့် သမ္မတ၏ ကတိကဝတ်ကို နောက်အဆင့်များသို့ တက်လှမ်းနိုင်ရန် အကောင်အထည်ဖော် ဖြည့်ဆည်းပေးမည် ဖြစ်သည်။

သို့ရာတွင် အရေးယူဆောင်ရွက်ရန် အစီအစဉ်များမှာ ယခုအထိ ပြီးပြည့်စုံခြင်းမရှိသေးဘဲ၊ မမြင်နိုင်သည့် အခြေအနေများက ကြေညာချက်ကို နှောင့်နှေးစေနိုင်သည်ဟုလည်း လုပ်ငန်းစဉ်နှင့် ရင်းနှီးကျွမ်း ဝင်သူများက ပြောကြားသည်။ သေနတ်ထိန်းချုပ်ရေး ရပ်ခံအရေးဆိုသူများကမူ ဇန်နဝါရီ ၁၂ရက်နေ့တွင် စီစဉ်ထားသည့် အိုဘားမား၏ နှစ်ပတ်လည်မိန့်ခွန်းမတိုင်မီတွင် အရေးယူဆောင်ရွက်ချက်အသစ် များကို ကြေညာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

အိုဘားမား၏ သမ္မတအမိန့်များ မည်သည့်အချိန်တွင် ထုတ်ပြန်မည်၊ မည်သည့်အရာများ ပါဝင်မည်ဆိုသည်ကိုမူ အိမ်ဖြူတော်က ပြောကြားခြင်းမရှိပေ။ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် အဲရစ် ရှဟော့ကမူ အရေးယူဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အမိန့်ထုတ်ပြန်ချက်များ နှစ်အစပိုင်းလောက်တွင် ကြေညာနိုင်မည်ဟု သမ္မတက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ကုန်တွင် လူသိရှင်ကြား သေနတ်အကြမ်းဖက်မှုများ ထွက်ပေါ်လာအပြီးတွင် အိုဘားမားက သူ့ဖာသာ လုပ်ဆောင်နိုင်မည့် အရေးယူဆောင်ရွက်ချက်များအတွက် အရေးတကြီး အလောသုံးဆယ်ဖြစ်နေသည်ဟု ရှဟော့က ပြောကြားခဲ့သည်။

‘ဒါက ရှုပ်ထွေးပါတယ်။ ဒါကြောင့် ပေါ်လစီပိုင်း ပုဂ္ဂိုလ်တွေ၊ ရှေ့နေတွေနဲ့ ကျနော်တို့ရဲ့ ကျွမ်းကျင်သူတွေ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ သုံးသပ်ဖို့ အချိန်လိုပါတယ်’’ဟု ရှဟော့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly