အယ်လ်ကိုင်ဒါနှင့် အဆက်အသွယ်ရှိပြီး အိန္ဒိယသံရုံးကို တိုက်ခိုက်ခဲ့သူကို ကဘူးလ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာလီဘန်တို့ ခန့်အပ်ထား

By News18
02 December 2021
အယ်လ်ကိုင်ဒါနှင့် အဆက်အသွယ်ရှိပြီး အိန္ဒိယသံရုံးကို တိုက်ခိုက်ခဲ့သူကို ကဘူးလ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာလီဘန်တို့ ခန့်အပ်ထား

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် ကဘူးလ်၏ အုပ်ချုပ်ရေးမှူးသစ်အဖြစ် ကာရီ ဘာယယ် ဆိုသူကို ခန့်အပ်ထားခဲ့ပြီး ၎င်းသည် ကဘူးလ်မြို့ရှိ အိန္ဒိယသံရုံးကို တိုက်ခိုက်ခဲ့သည့် ကွန်ရက်၏ တပ်မှူးဖြစ်သလို အယ်လ်ကိုင်ဒါအဖွဲ့၊ ပါကစ္စတန်၏ ISI တို့နှင့်လည်း ဆက်နွှယ်ပတ်သက်မှု ရှိသူဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ကဘူးလ် အုပ်ချုပ်ရေးမှူးနေရာ ခန့်အပ်သည့် တာလီဘန်တို့၏ ဆုံးဖြတ်ချက်မှာ အိန္ဒိယအတွက် သဘောမတွေ့စရာ ဖြစ်မည်မှာ သေချာသလောက် ရှိနေသည်။

ဘာယယ်သည် ၎င်းစီစဥ်ဇာတ်တိုက်လုပ်ဆောင်သည့် တိုက်ခိုက်မှုများအတွက် အီရန်၏ အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်မှ ငွေကြေးများကို ပုံမှန် လက်ခံရရှိခဲ့သည်ဟု သိရသည်။ ၎င်း၏ ကွန်ရက်သည် ကဘူးလ်ကို တိုက်ခိုက်ရန်အတွက် တာလီဘန်၊ အယ်လ် ကိုင်ဒါ၊ ဥဇဘတ်ကစ္စတန် အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့၊ အစ္စလမ္မစ် ဂျီဟတ် ယူနီယံ၊ တာကစ္စတန် အစ္စလမ္မစ် ပါတီ နှင့် ဟစ်ဇ်ဘ်-အီ-အစ္စလာမီ ဂူလ်ဘက်ဒင်တို့မှ တပ်ဖွဲ့ဝင်များနှင့် ရင်းမြစ်များကို စုရုံးလုပ်ဆောင်ထားခဲ့သည်။

ဘာယယ်သည် ISI နှင့် ဆက်စပ်အုပ်စုများနှင့် နီးစပ်မှု ရှိသည်ဟု ထင်ရှားပေါ်လွင်သည်။

၎င်းနှင့် ၎င်း၏ ကွန်ရက်တို့သည် ပါကစ္စတန် နယ်စပ်ကနေ ကဘူးလ်သို့ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် အသေခံဗုံးခွဲသမားများ ရွှေ့ပြောင်းရောက်ရှိစေမှုကို လွယ်ကူချောမွေ့စေရန် လုပ်ဆောင်မှုအတွက် သိရှိထားသည်။

ယင်းသည် ကဘူးလ်ကို တိုက်ခိုက်ခဲ့သည့် အုပ်စုမှ ဖြစ်သည့် ဒုတိယမြောက် ကြီးမားသည့် ခန့်အပ်မှုတစ်ခုကို တာလီဘန်တို့ လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းမတိုင်မီက ကဘူးလ် တိုက်ခိုက်မှု ကွန်ရက်၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးအနက် တစ်ဦးဖြစ်သည့် မူလာ တာဂျ် မီအာ ဂျဝယ်လ် ကို တာလီဘန်တို့၏ ထောက်လှမ်းရေး လက်ထောက်အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။

ကာရီ ဘာယယ် ကွန်ရက်သည် ပြီးခဲ့သည့် ကာလအတွင်း ဘာဂရမ်ရှိ ညွန့်ပေါင်းအုပ်စု၏ ပြန့်ကျဲရှိနေသည့် လေတပ်စခန်း အပါအဝင် ကဘူးလ်နှင့် ပါဝမ် ပြည်နယ်တို့ရှိ စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု အမြောက်အမြားကို စီစဥ် ချိတ်ဆက်ညှိနှိုင်းရာတွင် ကူညီထားခဲ့သည်။

ခရိုင် လယ်ဗယ်၌ တာလီဘန် ခေါင်းဆောင် ၄၄ ဦး ခန့်အပ်မှု တစိတ်တဒေသအဖြစ် ပြီးခဲ့သည့် ရက်ပိုင်းအကြားက ဘာယယ်၏ ခန့်အပ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ခန့်အပ်ခံရသည့် အမည်စာရင်းတွင် ပါဝင်သူအားလုံးသည် တရားသေ အယူဝါဒ စွဲကိုင်သူများ ဖြစ်ကြသည်။

"တာလီဘန်တို့ရဲ့ ဒီ လုပ်ရပ်အပေါ် ကျွန်တော်တို့ တအား စိတ်ပျက်မိပါတယ်" ဟု အိန္ဒိယအစိုးရအဆင့်မြင့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ "တစ်ဘက်မှာတော့ ကျွန်တော်တို့မှာ ယုံကြည်မှုတည်ဆောက်မှု လုပ်ဆောင်ချက်တွေ နေရာတကျ ရှိနေသင့်တယ်လို့ သူတို့ ပြောပါတယ်၊ တစ်ဘက်မှာကျတော့ ဒီ ခန့်အပ်မှုကြောင့် အာဖဂန်အစိုးရသစ်နဲ့အကြား လက်တွဲလုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေ အနေအထားပေါ်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို လှုပ်ရမ်းစေခဲ့ပါတယ်၊ ကာရီ ဘာယယ်ဟာ ကဘူးလ်မှာ အိန္ဒိယသံရုံးကို တိုက်ခိုက်ခဲ့ပါတယ်၊ ခုချိန်မှာ ကဘူးလ်မှာ ကျွန်တော်တို့ သံရုံးကို ဖွင့်ဖို့ ကျွန်တော်တို့ ဘယ်လို စဥ်းစားသွားနိုင်ပါ့မလဲ၊ တာလီဘန် အစိုးရအနေနဲ့ သင့်တော်တဲ့ ခေါင်းဆောင်တွေကို ခန့်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုရအောင် လုပ်သင့်ပါတယ်၊ ဒီ ခန့်အပ်မှုဟာ ဆက်ဆံရေးကို မတူညီတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားစေပါတယ်" ဟု အိန္ဒိယ အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly