သင်္ဘောကို သောင်ခုံမှ ဖယ်ရှားရန် တရုတ်၏တောင်းဆိုမှုကို ဖိလစ်ပိုင် လက်မခံ

By The Washington Post
02 December 2021
သင်္ဘောကို သောင်ခုံမှ ဖယ်ရှားရန် တရုတ်၏တောင်းဆိုမှုကို ဖိလစ်ပိုင် လက်မခံ

အငြင်းပွား တောင်တရုတ်ပင်လယ်ကျွန်းတစ်ကျွန်းရှိ ဖိလစ်ပိုင် ကင်းစခန်းကို ဖယ်ရှားရန် တရုတ်၏ထပ်မံ တောင်းဆိုမှုကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၅ ရက်တွင် ပယ်ချလိုက်သည့်အပြင် တရုတ် ကမ်းခြေစောင့် သင်္ဘောများအနေဖြင့် အဆိုပါ နေရာမှ ထွက်ခွာပြီး ဖိလစ်ပိုင်၏ ထောက်ပံ့ရေးရေယာဉ် များကို နှောက်ယှက်ဟန့်တားခြင်းမှ ရပ်တန့်သင့်ကြောင်း ပြောကြားလိုက်သည်။

ဖိလစ်ပိုင်တပ်ဖွဲ့များသည် တရုတ်နှင့် ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှု၏ဗဟိုချက်ဖြစ်သည့် မဟာဗျူဟာကျသော ကျွန်းတွင် ကင်းစောင့် ရေယာဉ်အဖြစ် ဆိုက်ကပ်ထားသော BRP Sierra Madre စစ်သင်္ဘောကို အသုံးပြုလျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီး ဒက်လ်ဖင်လောရန်ဇာနာက ဒုတိယ Thomas Shoal ကျွန်းသည် တရုတ်နိုင်ငံမှ အသိအမှတ်ပြုထားသည့် ၁၉၈၂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိနေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်အား ၎င်း၏ ကတိကဝတ်များကို လေးစားရန်နှင့် ဖိလစ်ပိုင်က Ayungin ဟူ၍လည်းကောင်း တရုတ်က Ren’ai Jiao ဟူ၍လည်းကောင်းခေါ်ဆိုသော ကျွန်းတွင် ဆိုက်ကပ်ထားသော သင်္ဘောကို ဖယ်ရှားရန် နိုဝင်ဘာ ၂၅ ရက်တွင် တောင်းဆိုခဲ့သည်။ တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်ဖြင့် ဖိလစ်ပိုင်သင်္ဘောများကို ကမ်းရိုးတန်းရှိ ဖိလစ်ပိုင်တပ်ဖွဲ့များသို့ ရိက္ခာနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ယူဆောင်လာရန် ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးသည် လော်ရန်ဇာနာက ၁၉၉၉ ခုနှစ်ကတည်းက ကျွန်းတွင် ဆိုက်ကပ် ထားသော ၎င်း၏ရေတပ်သင်္ဘောကို ဖယ်ရှားရန် ဖိလစ်ပိုင်အစိုးရ၏ ကတိကဝတ်ကို မသိရှိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“အဲဒီကျွန်းမှာ ကျွန်တော်တို့ လုပ်ချင်တာလုပ်လို့ရတယ်။ သူတို့က တကယ်ကျူးကျော်သူတွေပါ” ဟုဆိုသည်။

တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောများသည် နှစ်ပေါင်းများစွာ ပိုင်နက် ပြဿနာဖြစ်ပွားသည့် နယ်မြေအတွင်းရှိနေသော ကျွန်းကို ဝိုင်းရံထားပြီး ပြီးခဲ့သည့်နှစ်များအတွင်း ဖိလစ်ပိုင် ထောက်ပံ့ရေး သင်္ဘောများကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည်။

နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် ပြီးခဲ့သော သီတင်းပတ်က ဖိလစ်ပိုင်ရေတပ်မှ စစ်သည်မောင်းနှင်လာသော ထောက်ပံ့ရေးသင်္ဘော၂ စီးကို အတင်းအကျပ်ပြန်ဆုတ်ရန် ရေအမြောက်များကို အသုံးပြုခဲ့သောကြောင့် ဖိလစ်ပိုင်ကို ဒေါသထွက်စေခဲ့ကာ သတိပေးချက်များ ထွက်ပေါ်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly