အနောက်တိုင်းအကြိုက်လိုက်သည်ဟုဝေဖန်ခံရသော Dior ကြော်ငြာအတွက် တရုတ်ဓာတ်ပုံဆရာ တောင်းပန်

အနောက်တိုင်းအကြိုက်လိုက်သည်ဟုဝေဖန်ခံရသော Dior ကြော်ငြာအတွက် တရုတ်ဓာတ်ပုံဆရာ တောင်းပန်

စူးစိုက်ကြည့်နေသောမျက်ဝန်းတစ်စုံနှင့်မျက်နှာပေါ်၌ မှဲ့ခြောက်များရှိသည့် မော်ဒယ်တစ်ဦးပုံသည် အနောက်တိုင်းအကြိုက်နှင့်စိတ်ကူးအတိုင်းရိုက်ထားကြောင်း ဝေဖန်မှုများထွက်ပေါ်လာသဖြင့် ပြင်သစ် တန်ဖိုးကြီးဖက်ရှင်အမှတ်တံဆိပ် Dior သည် အဆိုပါအာရှမော်ဒယ်၏ကြော်ငြာဓာတ်ပုံကို ဖြုတ်ချခဲ့ပြီးနောက် တရုတ်ဓာတ်ပုံဆရာက တောင်းပန်ခဲ့သည်။

“Dior ဟာ တရုတ်လူမျိုးတွေရဲ့ ခံစားချက်ကို အမြဲလေးစားပါတယ်။ အမှားတစ်စုံတစ်ရာဖြစ်ခဲ့ရင် Dior က တုံ့ပြန်မှုတွေကို လက်ခံဖို့နဲ့ အချိန်မီ အမှန်ပြင်ဆင်ရပါမယ်” ဟု Dior က Weibo အကောင့်တွင် နိုဝင်ဘာ ၄ ရက်က ရေးသားထားကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

နာမည်ကျော် တရုတ်ဓာတ်ပုံဆရာ ချန်မန်း၏ ဓာတ်ပုံသည် ရှန်ဟိုင်းမြို့ရှိ Lady Dior ပြပွဲတွင် ပြသခဲ့သော အနုပညာလက်ရာဖြစ်ပြီး ကြော်ငြာအတွက် ရည်ရွယ်ခြင်းမဟုတ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ်ပြီးနောက် ဓာတ်ပုံကို ဖယ်ရှားခဲ့ကာ ပြပွဲကို နိုဝင်ဘာ ၂၄ ရက်တွင် ပိတ်ခဲ့သည်။

“ပြီးခဲ့တဲ့အလုပ်မှာ ကျွန်မရဲ့ မရင့်ကျက်မှုနဲ့ မသိနားမလည်မှုတို့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ အားလုံးကို တရားဝင်တောင်းပန်ရမယ်လို့ ထင်ပါတယ်” ဟု အသက် ၄၁ နှစ်အရွယ် ချန်းက Weibo တွင်ရေးသားခဲ့သည်။

အနက်ရောင် Dior လက်ကိုင်အိတ်ကိုကိုင်ဆောင်ကာ ရိုးရာဝတ်စုံနှင့်မော်ဒယ်၏ ဓာတ်ပုံသည် ယခုလအစောပိုင်းက ပြပွဲတွင် ထွက်ပေါ်လာပြီးနောက် ကောင်းမွန်သောအသားအရေနှင့် တရုတ်လူမျိုးများအကြိုက် လှပသောမျက်ဝန်းများ မရှိကြောင်း လူမှုမီဒီယာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

မော်ဒယ်၏ မျက်နှာမှာ သုန်မှုန်နေသလို မျက်ပေါက်လည်းကျဉ်းကာ ရက်စက်ယုတ်မာသော မျက်လုံးများရှိကြောင်း Beijing Daily ကဖော်ပြခဲ့သည်။

မျက်ခွံတစ်ဖက်တည်းဖောင်းနေသော မော်ဒယ်ပုံသည် မြင်ရသူများကို စိတ်မသက်မသာဖြစ်စေကြောင်းနှင့် Dior က အရုပ်ဆိုးအကျည်းတန်သော တရုတ်အမျိုးသမီးများကို ရည်ရွယ်ထားကြောင်း China Women’s News ကဖော်ပြသည်။

သို့သော် အခြားသူများက အဆိုပါ ဓာတ်ပုံအတွက် ကာကွယ်ရပ်တည်ပြောကြားရာတွင် မတူကွဲပြားသော တရုတ်အလှကို ပိုမိုကျယ်ပြန့်စွာလက်ခံရန် တိုက်တွန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly